အမ်းတိုက်ပွဲတွင် ကျောင်းသားလက်ရုံးတပ်တော်မှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး

ရခိုင်ပြည်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုက်ပွဲတွင် အာရက္ခတပ်တော်(AA)နှင့်အတူ ထိုးစစ်ဆင်နေသည့် ကျောင်းသားလက်ရုံးတပ်တော် (SAF) မှ တပ်သားတစ်ဦး ကျဆုံးသွားကြောင်း သိရသည်။ 

By Admin 21 Oct 2024

ဓာတ်ပုံ - ကျောင်းသားလက်ရုံးတပ်တော် (SAF )
ဓာတ်ပုံ - ကျောင်းသားလက်ရုံးတပ်တော် (SAF )

DMG ၊ အောက်တိုဘာ ၂၁ 

ရခိုင်ပြည်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုက်ပွဲတွင် အာရက္ခတပ်တော်(AA)နှင့်အတူ ထိုးစစ်ဆင်နေသည့် ကျောင်းသားလက်ရုံးတပ်တော် (SAF) မှ တပ်သားတစ်ဦး ကျဆုံးသွားကြောင်း သိရသည်။ 

အောက်တိုဘာ ၂၀ ရက်၊ ညနေ ၅ နာရီခန့်တွင် နပခ ဌာနချုပ်ကို ထိုးစစ်ဆင်သည့်တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု SAF မှ ထုတ်ပြန်ထားသည်။  

“ မဟာမိတ်ရဲဘော်များနှင့်အတူ ရဲဝင့်စွာတွန်းလှန်တိုက်ခိုက်၍ ဖိနှိပ်ခံလူထုလွတ်မြောက်ရေးနှင့် နိုင်ငံတော်သစ်ဆီသို့ မျက်နှာမူလျက် တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ရင်း အသက်ပေးလှူ ကျဆုံးခဲ့သည့်အတွက် တပ်တော်အနေဖြင့် များစွာဝမ်းနည်းကြေကွဲရကြောင်း ” SAF  က ဆိုသည်။

ကျောင်းသားလက်ရုံးတပ်တော် (SAF)သည် တော်လှန်ရေးဆုံးခန့်တိုင်အောင် ဆက်တိုက်၍ နိုင်ငံတော်သစ်ကို တည်ဆောက်မည်ဟု ကတိသစ္စာပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းအပြင် SAF သည် AA နှင့်အတူ အမ်းမြို့နယ်၊ တောဟိန်းတောင်ဗျူဟာကုန်း တိုက်ပွဲများတွင်လည်း ပါဝင်ခဲ့ပြီး AA ကလည်း မကွေးနှင့် စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များကို စစ်ရေးအကူအညီပေးထားကြောင်း သိရသည်။

လက်ရှိတွင် နပခ ဌာနချုပ်အနီး တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် အပြင်းအထန်ခုခံနေသည့်အပြင် လေကြောင်းမှ စစ်အသုံးဆောင်ပစ္စည်းများနှင့် စားနပ်ရိက္ခာများကို ဖြည့်တင်းနေသည်။

နပခ ဌာနချုပ်သည် စစ်ကောင်စီအတွက် စစ်ရေးအရသာမက ဂုဏ်သိက္ခာအတွက်ပါ အရေးပါသဖြင့် အမ်းမြို့သိမ်းတိုက်ပွဲမှာ ပို၍ပြင်းထန်လာနိုင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။

“ (အမ်း) မြို့သိမ်းတိုက်ပွဲက စစ်ကောင်စီအတွက် စီးပွားရေး၊ စစ်ရေးနိုင်ငံရေ အဘက်ဘက်က အရေးပါတယ်။ ဂုဏ်သိက္ခာတိုက်ပွဲတစ်ခုလည်း ဖြစ်တယ်။ AAကသာ သိမ်းပိုက်နိုင်ခဲ့ရင် စစ်ရေးနိုင်ငံရေးမှာ အပြောင်းအလဲတွေ အများကြီးဖြစ်လာနိုင်တယ်။ ဒါကြောင့် အခြားမြို့တွေထက်စာရင် အခုမြို့သိမ်းတိုက်ပွဲက ပိုပြီးပြင်းနိုင်တယ် ” ဟု ရခိုင်စစ်ရေးစောင့်ကြည့်လေ့လာသူ အမျိုးသားတစ်ဦးက ပြောသည်။ 

အမ်းမြို့နယ်တွင် နပခ၊ ခမရ- ၃၇၁၊ ခမရ- ၃၇၂၊ ခမရ - ၃၇၃နှင့် ဆောက်လုပ်ရေး အင်ဂျင်နီးယားတပ် (GE)၊ စစ်မြေပြင် အင်ဂျင်နီယာတပ်( BE) ဆေးတပ်နှင့် စစ်လက်နက်တပ်ဖွဲ့များရှိပြီး လက်ရှိတွင် အဆိုပါနေရာ အများအပြားကို AA နှင့် မဟာမိတ်တပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေသည်။