- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
စေတီပြင် - မော်ထက်တံတား မပြုပြင်နိုင်သေး၍ ဒေသခံများအခက်တွေ့
အဆိုပါချောင်းကူးတံတားမှာ သံပြားအခင်းကြိုးတံတားဖြစ်ပြီး ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် လုံးဝပျက်စီးသွားခဲ့သည်။ လက်ရှိတွင် ဒေသခံများမှာ ချောင်းတစ်ဖက်ကမ်းသို့ လှေဖြင့်သွားလာနေကြရသည်။
05 Sep 2023

DMG ၊ စက်တင်ဘာ ၅
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် ကျေးရွာပေါင်း ၁၀ ကျော်က ဒေသခံပြည်သူများ အားထားနေရသော စေတီပြင် - မော်ထက်တံတားကို မပြုပြင်နိုင်သေး၍ သွားလာရေးအခက်အခဲများနှင့် ကြုံတွေ့နေကြရသည်။
အဆိုပါချောင်းကူးတံတားမှာ သံပြားအခင်းကြိုးတံတားဖြစ်ပြီး ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် လုံးဝပျက်စီးသွားခဲ့သည်။ လက်ရှိတွင် ဒေသခံများမှာ ချောင်းတစ်ဖက်ကမ်းသို့ လှေဖြင့်သွားလာနေကြရသည်။
“ညအချိန်ကြီး နေမကောင်းဖြစ်ရင် လှေနဲ့ကူးရတာ အရမ်းခက်ခဲတယ်။ တံတားရှိတုန်းကဆိုရင် နေမကောင်းဖြစ်ရင်လည်း အခက်အခဲမရှိဘဲ အချိန်တိုင်းသွားလာလို့ရတယ်” ဟု မော်ထက်ကျေးရွာမှ ဒေါ်ဦးစိန်သန်းက ပြောသည်။
စေတီပြင် - မော်ထက်တံတားမှာ စေတီပြင်၊ မော်ထက်၊ ကျောက်ထရံ၊ သိမ်တောင်၊ ဖက်လိပ်၊ ပေါက်တော၊ ချွတ်ပြင် စသည့် ကျေးရွာပေါင်း ၁၀ ကျော်မှ ဒေသခံများ၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးအတွက် အရေးပါသည့်အပြင် ရသေ့တောင် - ဘူးသီးတောင် - မောင်တော လမ်းပန်းဆက်သွယ်ရေးအတွက်လည်း အရေးပါသော တံတားတစ်စင်းဖြစ်သည်။
“မိုးကြီးလို့ လိုင်းထန်တဲ့နေ့တွေမှာဆိုရင် ကလေးတွေကို ကျောင်းမသွားခိုင်းရဲဘူး။ ကူးတို့သည်ကလည်း ကျောင်းသားတွေကို မပို့ရဲဘူး။ မိုးကြီးတဲ့နေ့ဆိုရင် ကလေးတွေ ကျောင်းမတက်ရတော့ဘူး” ဟု မော်ထက်ကျေးရွာမှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်လုံးမချေက ပြောသည်။
စေတီပြင် - မော်ထက်တံတားမှာ အလျားပေ ၂၀၀ ကျော်ရှိပြီး တံတားသက်တမ်းမှာ ၈ နှစ်ခန့် ရှိပြီဖြစ်သည်။
မုန်တိုင်းကြောင့်ပျက်စီးသွားသော တံတားအား ပြန်လည်တည်ဆောက်ရေးအတွက် ပြည်နယ်စစ်ကောင်စီထံ တင်ပြထားသော်လည်း ထူးခြားမှုမရှိသေးပေ။ လက်ရှိတွင် ကိုယ်ထူကိုယ်ထပြုပြင်ရန် ပြင်ဆင်နေသော်လည်း ငွေကြေးအခက်အခဲများ ရှိနေကြောင်း တံတားတာဝန်ရှိသူများထံမှ သိရသည်။
“အခုကတော့ မုန်တိုင်းကြောင့်ယိုင်သွားတဲ့ သံတိုင်တွေကို ပြန်ထူဖို့ ကြိုးစားနေကြတယ်။ တိုင်တွေထူပြီးလို့ ပံ့ပိုးကူညီမယ့် အသင်းအဖွဲ့တွေမရှိရင်တော့ ရတဲ့နည်းနဲ့လုပ်သွားရတော့မယ်” ဟု စေတီပြင်ကျေးရွာမှ ဦးဖြူဒေါင်းက ပြောသည်။
ယခုတံတားနှင့်ပတ်သက်၍ မည်ကဲ့သို့ဆောင်ရွက်ပေးသွားမည်ကို သိရှိနိုင်ရန်အတွက် ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းထံ DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။
ရခိုင်ပြည်က ရသေ့တောင်၊ ကျောက်တော်၊ မြေပုံ စသည့်မြို့နယ်တို့တွင် မုန်တိုင်းကြောင့် ပျက်စီးသွားသည့် လမ်း၊ တံတားများကို လက်ရှိအချိန်ထိ ပြန်လည်ပြုပြင်နိုင်ခြင်းမရှိသေး၍ ဒေသခံများမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့် ကြုံတွေ့နေကြရသည်။
#I012