မောင်တောဒေသတွင် အရေးပါသည့်တံတားများအား စစ်ကောင်စီ ဖျက်ဆီးနေ
ယနေ့နံနက်ပိုင်းက မောင်တော မြို့သူကြီးရပ်ကွက်အခြေစိုက် နခခ(၅)ရဲတပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၃ မိုင် ကျီးကန်းပြင်ကားလမ်းမ ဇူလ(မွတ်ဆလင်)ရွာအနီးရှိ ၃ မိုင်တံတားကို မိုင်းခွဲဖျက်ဆီးလိုက်ကြသည်။
08 May 2024
DMG ၊ မေ ၈
ရခိုင်ပြည်၊ မောင်တောဒေသတွင် AA ထိုးစစ်ကြောင့် တပ်ရင်း၊ တပ်မနှင့် တပ်စခန်းအများအပြား ဆုံးရှုံးနေရသည့် စစ်ကောင်စီသည် လမ်းပန်းဆက်သွယ်ရေးအတွက် အရေးပါသောတံတားများကို ဆက်တိုက်ဖျက်ဆီးနေပြီး ၃ ရက်အတွင်း တံတား ၃ စင်း ကျိုးကျသွားပြီ ဖြစ်သည်။
ယနေ့နံနက်ပိုင်းက မောင်တော မြို့သူကြီးရပ်ကွက်အခြေစိုက် နခခ(၅)ရဲတပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၃ မိုင် ကျီးကန်းပြင်ကားလမ်းမ ဇူလ(မွတ်ဆလင်)ရွာအနီးရှိ ၃ မိုင်တံတားကို မိုင်းခွဲဖျက်ဆီးလိုက်ကြသည်။
“အဲဒီတံတားက ကျီးကန်းပြင် ကားလမ်းတစ်လျှောက်က ဒေသခံတွေအတွက် အဓိက ကျတယ်။ ဒီနေ့အစောကြီး လာပြီးတော့ မိုင်းဖောက်ခွဲပြီး ဖျက်ဆီးသွားတာပါ။ စစ်ကောင်စီကတော့ ဒေသခံတွေရဲ့ အရေးပါတဲ့တံတားတွေကို တစ်ခုပြီးတစ်ခု ဖျက်စီးနေတယ်” ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။
မေလ ၇ ရက် ညနေပိုင်းကလည်း ၃ မိုင် - သီဟိုအေးတံတားကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်က လာရောက်ပြီး မိုင်းခွဲဖျက်ဆီးခဲ့ကြသည်။ ယင်းအပြင် လှဖိုးခေါင်မှ မောင်တောသို့ဝင်သည့် မြို့ဝင်လဘော်ဇား တံတားကိုလည်း မေလ ၆ ရက် ညနေပိုင်းတွင် ဖျက်ဆီးလိုက်ကြကြောင်း သိရသည်။
“ဘူးသီးတောင်၊ မောင်တောဟာ AA ထိုးစစ်ကြောင်း ကျဆုံးတော့မယ်အခြေနေကို ရောက်နေပြီ။ အဲဒါကြောင့် စစ်ကောင်စီက AA ထိုးစစ်ဆင်မှုတွေကို နှောင့်ယှက်ဖို့အတွက် လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်တာ ဖြစ်တယ်။ တစ်ဖက်မှာလည်း အေအေအတွက် ထောက်ပို့လုပ်လို့မရအောင် တားဆီးတဲ့သဘောပေါ့။ ဒါပေမယ့် ဒီလိုလုပ်ရုံလောက်နဲ့တော့ တားဆီးလို့ရနိုင်မယ် မထင်ပါဘူး” ဟု စစ်ရေးနိုင်ငံရေး လေ့လာသုံးသူတစ်ဦးက ပြောသည်။
ဒေသတွင်းဆက်သွယ်ထားသည့် လမ်းတံတားများ ဖျက်ဆီးခံနေရသဖြင့် ဒေသခံများမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်ပေါ်နေကြပြီး ကုန်စည်စီးဆင်းရေး အဟန့်အတားဖြစ်နေကြောင်း ပြောဆိုကြသည်။
ဘူးသီးတောင်မြို့နယ်တွင်လည်း စစ်ကောင်စီသည် မေလ ၆ ရက်က ဘူးသီးတောင် - ရသေ့တောင်ကားလမ်းရှိ ပန်ဇင်းချောင်းတံတားနှင့် ဧပြီ ၂၅ ရက်တွင် ဂုံးနားကျေးရွာနှင့် ဆင်ကြီးပြင်ကျေးရွာတို့ကို ဆက်သွယ်ထားသည့် တံတားကို မိုင်းခွဲဖျက်ဆီးခဲ့သည်။
မောင်တောခရိုင်တစ်ခုလုံးကို အလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် အာရက္ခတပ်တော်(AA)သည် စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည်။