ယခုရက်ပိုင်းအတွင်း ရခိုင်က တံတား ၇ စင်းကို စစ်ကောင်စီဖျက်ဆီး 

စစ်ရေးပြင်းထန်နေသော ရခိုင်ပြည် မောင်တောမြို့နယ်နှင့် အမ်းမြို့နယ်ရှိ တံတား ၇ စင်းကို ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း သိရသည်။ 

By Admin 14 Jun 2024

ဇွန်လ ၉ ရက်နေ့တွင် စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးလိုက်သော အလယ်သံကျော်တံတား (ABN) 
ဇွန်လ ၉ ရက်နေ့တွင် စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးလိုက်သော အလယ်သံကျော်တံတား (ABN) 

DMG ၊ ဇွန် ၁၄ 

စစ်ရေးပြင်းထန်နေသော ရခိုင်ပြည် မောင်တောမြို့နယ်နှင့် အမ်းမြို့နယ်ရှိ တံတား ၇ စင်းကို ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း သိရသည်။ 

မောင်တော မောရဝတီကျေးရွာအနီး တံတား ၂ စင်း၊ မြင်းလွှတ်ကျေးရွာအနီး တံတား ၂ စင်း၊ အလယ်သံကျော် ကျေးရွာအနီး တံတား ၂ စင်းနှင့် အမ်းမြို့အဝင်ရှိ တံတားငယ် ၁ စင်းတို့အား မိုင်းဖောက်ခွဲ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

“မောင်တောမှာ ဖျက်ဆီးလိုက်တဲ့ တံတားတွေအနီးမှာ သူတို့စစ်စခန်းတွေရှိခဲ့တယ်။ အခုတော့ အဲဒီစခန်းတွေကို သူတို့လက်လွှတ်လိုက်ရပြီ။ စခန်းတွေကို လက်မလွှတ်ခင်က သူတို့ရှုံးမှာကိုကြိုသိနေလို့ အဲဒီတံတားတွေကို ဖျက်ဆီးခဲ့တာ။ အဓိကတော့ ဖြတ်တောက်မှုစနစ်ကို လုပ်တာပေါ့လေ။ စစ်ပစ္စည်းတွေကို ပံ့ပိုးပေးတဲ့လမ်းတွေကို ဖျက်ဆီးတာ” ဟု မြေပြင်စစ်ရေးအခြေအနေသိ ရင်းမြစ်တစ်ဦးက ပြောသည်။ 

မောရဝတီတပ်စခန်းကို အာရက္ခတပ်တော်(AA)က ဇွန်လ ၉ ရက်နေ့က သိမ်းပိုက်ခဲ့ပြီး အလယ်သံကျော်စခန်းကို ဇွန်လ ၁၂ ရက်နေ့က သိမ်းပိုက်ခဲ့ကာ မြင်းလွှတ်စခန်းအား ဇွန်လ ပထမအပတ်က သိမ်းပိုက်ရရှိခဲ့သည်။ လက်ရှိတွင် နားခေါင်းတိုစခန်းကို AA က ထိုးစစ်ဆင်နေ၍ တိုက်ပွဲများပြင်းထန်နေသည်။ 

ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့က အမ်းမြို့အဝင်ရှိ တံတားငယ် ၁ စင်းအား စစ်ကောင်စီက မိုင်းခွဲ ဖျက်ဆီး ခဲ့ကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်ထံမှ သိရသည်။ 

အမ်းမြို့နယ်၊ ကဇုကိုင်းဒေသရှိ တောဟိန်းတောင်ဗျူဟာကုန်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လေကြောင်းအပြင် ဒရုန်းပစ်ကူများဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်နေသည်။ 

ထိုသို့ ရခိုင်ဒေသအတွင်း စစ်ရှုံးနေသည့် စစ်ကောင်စီသည် လမ်း၊ တံတားများအား ဖျက်ဆီးနေသည်မှာ အဖျက် သဘောဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရခိုင်ဒေသခံများက ပြောဆိုကြသည်။

“အေအေရဲ့ထိုးစစ်ကို ကြန့်ကြာနှောင့်နှေးအောင် လုပ်တာလည်းပါမယ်။ နောက်တစ်ခုက သူတို့စစ်ရှုံးလို့ ရခိုင်ကနေ ဆုတ်ခွာပေးခဲ့ရရင် ပြည်သူတွေဒုက္ခရောက်အောင်၊ အပျက်အစီးတွေပဲ ကျန်ခဲ့အောင်ဆိုတဲ့ အဖျက်သဘောနဲ့ လုပ်နေတာ” ဟု ရခိုင်ဒေသခံတစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့် မေလအတွင်းကလည်း စစ်ကောင်စီသည် မောင်တော လှဖိုးခေါင်ကျေးရွာအနီး လဘော်ဇားတံတား၊ သီဟိုအေးကျေးရွာအနီးရှိ ၃ မိုင်တံတား၊ ဘူးသီးတောင်မြို့ ပန်ဇင်းချောင်းတံတားတို့ကို မိုင်းခွဲဖျက်ဆီးခဲ့သည်။ 

ရခိုင်တွင် စစ်ကောင်စီသည် ဒေသတွင်းအ‌ရေးပါသည့် တံတား ၁၉ စင်းထက်မနည်းကို ဖျက်စီးပြီးလည်း ဖြစ်သည်။

ဗီဒီယိုများ