ဘူးသီးတောင် မြို့ဝင်တံတားကို စစ်ကောင်စီ မိုင်းခွဲဖျက်ဆီး 

ဘူးသီးတောင်မြို့နယ်အတွင်း အာရက္ခတပ်တော်(AA)၏ အရှိန်မြင့်ထိုးစစ်ကြောင့် တပ်စခန်းများတစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးနေရသော စစ်ကောင်စီသည် မြို့အရှေ့ဖက်ရှိ ပန်ဇင်းချောင်းမြို့ဝင်တံတားကို မိုင်းခွဲဖျက်ဆီးလိုက်သည်။

By Admin 07 May 2024

စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးလိုက်သည့် ဘူးသီးတောင် ပန်ဇင်းချောင်းတံတား။ (ဓာတ်ပုံ - APM)
စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးလိုက်သည့် ဘူးသီးတောင် ပန်ဇင်းချောင်းတံတား။ (ဓာတ်ပုံ - APM)

DMG ၊ မေ ၇ 

အာရက္ခတပ်တော်(AA)၏ အရှိန်မြင့်ထိုးစစ်ကြောင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ တပ်စခန်းများ တစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးနေရသော စစ်ကောင်စီသည် မြို့အရှေ့ဖက်ရှိ ပန်ဇင်းချောင်းမြို့ဝင်တံတားကို မေလ ၆ ရက်တွင် မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း သိရသည်။ 

“မနေ့က မိုင်းခွဲပြီး ဖျက်စီးလိုက်တာလို့ သိရတယ်။ မြို့ထဲမှာရှိနေသေးတဲ့ စစ်ကောင်စီတပ်သားတွေဟာ အကြောက်တရားတွေ လွှမ်းမိုးနေကြပြီ” ဟု ဘူးသီးတောင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

တံတားအရှေ့ဘက်တွင်ရှိသည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁၅) အပါအဝင် ခြေမြန် တပ်ရင်းအချို့ကို AA က ယခုလပထမပတ်အတွင်း သိမ်းပိုက်လိုက်ပြီးနောက်တွင် စစ်ကောင်စီသည် ဘူးသီးတောင်မြို့အား လက်လွှတ်ဆုံးရှုံးရမည်ကို စိုးရိမ်ပြီး တံတားကို မိုင်းခွဲဖျက်ဆီးလိုက်ခြင်းဟု ဒေသခံများက ပြောကြသည်။  

ဘူးသီးတောင်မြို့အနီးရှိ ပန်ဇင်းချောင်းတံတားမှာ အရှည် ၉၆၀ ပေရှိပြီး အုတ်မြစ်မှာ သံကူကွန်ကရစ်ဘိုးပိုင် အမျိုးအစားဖြစ်သည်။ အပေါ်ထည်အား Steel Plate Girder + R.C Girder ဖြင့် တည်ဆောက်ထားပြီး ရသေ့တောင် - ပုဏ္ဏားကျွန်း - စစ်တွေ မြို့နယ်များသို့ ဆက်သွယ်သွားလာနိုင်ရန် ၂၀၁၇ ခုနှစ်ကပင် ဖွင့်လှစ်ထားသော တံတားတစ်စင်း ဖြစ်သည်။ 

လက်ရှိတွင် တံတားပျက်စီးသွားသဖြင့် လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းရေး အဟန့်အတားဖြစ်နေကြောင်း ဒေသခံများက ပြောသည်။ 

ဧပြီလ ၂၅ ရက်ကလည်း ဘူးသီးတောင်မြို့နယ်၊ ဂုံးနားကျေးရွာနှင့် ဆင်အိုးပြင်ကျေးရွာကြား ဆက်သွယ်ထားသည့် တံတားကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးခဲ့၍ ဒေသခံများမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်နေကြသည်။ 

တပ်စခန်းများ၊ မြို့များ တစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးနေရသည့် စစ်ကောင်စီသည် ရခိုင်ဒေသရှိ မြို့/ရွာများကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်း၊ လမ်းတံတားများကို ဖျက်ဆီးနေခြင်းမှာ မစားရသည့်အမဲ သဲနှင့်ပတ်နေခြင်းဖြစ်သည်ဟု ရှုမြင်နေကြသည်။ 

“သူတို့မပိုင်ဆိုင်ရရင် တခြားသူတွေကိုလည်း မပေးဘူး၊ ဖျက်ဆီးခဲ့မယ်ဆိုတာကို စစ်ကောင်စီက နှလုံးသွင်းထားပြီးသားလို့ မြင်တယ်” ဟု ဝါရင့်ရခိုင်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။ 

လက်ရှိတွင် ဘူးသီးတောင်မြို့နယ်အတွင်းက စကခ(၁၅)အပါအဝင် ခမရ (၅၅၂)၊ ခမရ (၅၄၆)၊ ခမရ (၅၆၅)နှင့် ခမရ(၅၅၁) တို့ကို AA က သိမ်းပိုက်ထားပြီး ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်စခန်းများကို AA က ဆက်လက် ထိုးစစ်ဆင်နေ၍ နှစ်ဖက်တိုက်ပွဲများမှာ ပြင်းထန်နေသည်။

ဗီဒီယိုများ