AA ထိုးစစ် ဂွသို့ မလာနိုင်စေရန် ချင်းကွင်းတံတားကို စစ်ကောင်စီ ဖျက်ဆီး

သံတွဲ - ရန်ကုန် ကားလမ်းမကြီးရှိ ချင်းကွင်းတံတားသည် ဂွမြို့နယ်နှင့် သံတွဲမြို့နယ်မှ ဒေသခံများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် လက်ရှိတိုက်ပွဲကာလတွင် စစ်ဘေးရှောင်များသွားလာရေးအတွက် အသုံးများသည်။

By Admin 25 Jul 2024

ရခိုင်တောင်ပိုင်းဒေသတွင် စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးထားသည့် တံတားများ။ ဓာတ်ပုံ - ဒွာရာဝတီ 
ရခိုင်တောင်ပိုင်းဒေသတွင် စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးထားသည့် တံတားများ။ ဓာတ်ပုံ - ဒွာရာဝတီ 

DMG ၊ ဇူလိုင် ၂၅

ရခိုင်ပြည်၊ သံတွဲမြို့နှင့် ဂွမြို့ကို ဆက်သွယ်ထားသည့် ကျိန္တလီမြို့အနီး ချင်းကွင်းတံတားအား စစ်ကောင်စီက ဇူလိုင် ၂၄ ရက်တွင် မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း သိရသည်။

သံတွဲ - ရန်ကုန် ကားလမ်းမကြီးရှိ ချင်းကွင်းတံတားသည် ဂွမြို့နယ်နှင့် သံတွဲမြို့နယ်မှ ဒေသခံများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် လက်ရှိတိုက်ပွဲကာလတွင် စစ်ဘေးရှောင်များသွားလာရေးအတွက် အသုံးများသည်။

“ချင်းကွင်းတံတားကို မနေ့က စစ်သားတွေ မိုင်းခွဲဖျက်ဆီးလိုက်တယ်။ AA တွေ ဝင်မလာနိုင်အောင်လို့ ထင်တာပဲ။ တံတားချိုး၊ လမ်းတွေ ဖျက်ဆီးတာက သူတို့လုပ်နေကျအရာတွေပဲလေ။ နစ်နာတာကတော့ အရပ်သားတွေပဲပေါ့။ အခုဆို သွားလာရ တော်တော်လေးခက်ခဲသွားပြီ” ဟု ကျိန္တလီဒေသခံတစ်ဦးက ပြောသည်။

ချင်းကွင်းတံတားမှာ ကွန်ကရစ်တံတားအမျိုးစားဖြစ်ပြီး အရှည်ပေ ၆၀ ခန့်ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် သံတွဲမြို့နယ်ရှိ တံတားငယ်များဖြစ်သည့် သာယာကုန်းတံတား၊ သရက်ပင်ကွင်းတံတား၊ အုန်းပင်ဝတံတား တို့အား ဇူလိုင် ၁၉ နှင့် ၂၀ ရက်နေ့တို့တွင် မိုင်းခွဲဖျက်ဆီးခဲ့ပြီး နံတော်တောင်တံတားတွင်လည်း ဖောက်ခွဲရေးမိုင်းများ ထောင်ထားခဲ့သည်။

အလားတူ ယခုတိုက်ပွဲကာလအတွင်း ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ အမ်း၊ တောင်ကုတ်မြို့နယ်တို့တွင် တံတား ၂၀ ထက်မနည်းကို စစ်ကောင်စီက ဖျက်ဆီးပြီးလည်းဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် ဂွမြို့နယ်သို့ AA ထိုးစစ် မလာနိုင်စေရေး သံတွဲ - ဂွ လမ်းမကြီးတစ်လျောက် ကျေးရွာများတွင် တပ်စွဲခြင်း၊ မြေမြုပ်မိုင်းထောင်ခြင်းများ ပြုလုပ်နေသည်။

ကျိန္တလီမြို့အနီး ချင်းကွင်းကျေးရွာဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ်သား ၁၀၀ ခန့် တပ်စွဲထားကြောင်း သိရသည်။

“အခုလို ချင်းကွင်းတံတား ကျိုးသွားတော့ အဲလမ်းမကို အဓိက အားထားနေရတဲ့သူတွေ အကုန်လုံး ထိခိုက်တာပေါ့။ အထူးသဖြင့် စစ်ရှောင်တွေဆို ပိုဆိုးတာပေါ့။ စစ်ရှောင်တွေကို တတ်နိုင်တာလေးတွေ သွားကူပေးနေတဲ့ ကျနော်တို့လည်း သွားရေးလာရေး တော်တော်လေးခက်ခဲသွားတယ်” ဟု ဂွမြို့နယ်မှ လူမှုကူညီရေး လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

၎င်းအပြင် စစ်ကောင်စီ၏ လမ်းမပေါ်မှ စစ်ဆေးရေးဂိတ်များသည် စစ်ဘေးရှောင်များအား စစ်ဆေးမေးမြန်ပြီး ငွေညစ်ခြင်း၊ ပစ္စည်းများအတင်းအဓ္ဓမယူခြင်းများအပြင် ဆေးဝါး၊ စက်သုံးဆီများ ကန့်သတ်ခံထားရသည်ဟု စစ်ဘေးရှောင်များက ဆိုကြသည်။

လက်ရှိ ဂွမြို့နယ်နှင့် ကျိန္တလီမြို့ပေါ်တွင် သံတွဲမြို့နယ်မှ စစ်ဘေးရှောင် ၂၀,၀၀၀ ခန့်ရှိနေပြီး စားဝတ်နေရေး အကူအညီများ လိုအပ်နေသည်။ 

ဗီဒီယိုများ