ရခိုင်တွင် လူမျိုးရေးပဋိပက္ခဖြစ်အောင် စစ်ကောင်စီ ကြံစည်နေကြောင်း NUG ပြော

ရခိုင်ပြည်တွင် အနောက်တံခါးပြဿနာဟု ခေါ်သည့် ပထဝီနိုင်ငံရေးပြဿနာမှာ ကိုလိုနီစနစ်၏အမွေဆိုးအနေဖြင့် ယနေ့အချိန်ထိ ခံစားနေရကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

By Admin 28 May 2024

AA ထိန်းချုပ်ရာသို့ ခိုလှုံလာကြသူများကို လူမျိုးဘာသာမခွဲခြားဘဲ ကူညီလျက်ရှိကြောင်း AA က ထုတ်ပြန်ထားသည်။
AA ထိန်းချုပ်ရာသို့ ခိုလှုံလာကြသူများကို လူမျိုးဘာသာမခွဲခြားဘဲ ကူညီလျက်ရှိကြောင်း AA က ထုတ်ပြန်ထားသည်။

DMG ၊ မေ ၂၈

ရခိုင်ဒေသအတွင်း လူမျိုးရေးပဋိပက္ခဖြစ်အောင် စစ်ကောင်စီက ကြံစည်နေသည်ဟု နိုင်ငံတကာ အာရုံစိုက်မှု မြင့်တက်နေသော မွတ်ဆလင်အရေးနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်သည်။

“လက်ရှိ ရခိုင်ပြည်အတွင်းမှာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို အထူးခံနေရတဲ့ ရိုဟင်ဂျာ(မွတ်ဆလင်)အရေးနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့ဟာ အတိတ်ကကြုံခဲ့ဖူးတဲ့ ချည်းကပ်မှုအမှားတွေကို သင်ခန်းစာယူနိုင်ဖို့ လိုတယ်လို့ ယူဆပါတယ်။ တစ်ဖက်မှာလည်း ကျနော်တို့အနေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးမူ အပေါ်မှာလည်း ရှုမြင်ကြဖို့ လိုပါတယ်” ဟု NUG ယာယီသမ္မတက ယနေ့ပြောကြားသည်။ 

ရခိုင်ပြည်တွင် အနောက်တံခါးပြဿနာဟု ခေါ်သည့် ပထဝီနိုင်ငံရေးပြဿနာမှာ ကိုလိုနီစနစ်၏အမွေဆိုးအနေဖြင့် ယနေ့အချိန်ထိ ခံစားနေရကြောင်း ဒူဝါလရှီးလက ဆိုသည်။

လက်ရှိအခြေအနေကို အပြင်းထန်ဆုံးအဆင့်ထိ ရောက်မသွားအောင် အာရက္ခတပ်တော်(AA)နှင့် သက်ဆိုင်ရာ မွတ်ဆလင်အသိုင်းအဝိုင်းက ဝိုင်းဝန်းအာရုံစိုက် ကြိုးစားနေခြင်းများကိုလည်း တွေ့ရကြောင်း NUG ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒူဝါလရှီးလက “ကျနော်တို့အစိုးရအနေနဲ့လည်း တည်ဆဲအခင်းအကျင်းမှာ ဖြစ်ပျက်နေတဲ့ လူမျိုးရေး ကတောက်ကဆဖြစ်မှုတွေကို တတ်နိုင်သမျှ အပြီးသပ်ချုပ်ငြိမ်းနိုင်အောင် တစ်ဖက်တစ်လှမ်းကနေ ကူညီဆောင်ရွက်ကြဖို့ အထူးလိုအပ်ပါတယ်” ဟု ဆက်ပြောသည်။

မြေပြင်တွင် ဘူးသီးတောင်ဒေသခံ မွတ်ဆလင်များအား ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများကို AA တပ်ဖွဲ့ဝင် အချို့က ကျူးလွန်နေသဖြင့် စုံစမ်းစစ်ဆေးပေးရန် မေလ ၂၂ ရက်တွင် အဖွဲ့အစည်း(၁၉၅)က ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်ပါ အချက်အလက်အချို့မှာ မှားယွင်းနေပြီး မြေပြင်ပကတိအခြေအနေနှင့် ကွဲလွဲနေ၍ ပြင်းထန်စွာ ကန့်ကွက်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) က မေလ ၂၄ ရက်တွင် တုံ့ပြန်ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယင်းသို့ AA က ထုတ်ပြန်ပြီးနောက် ၁၉၅ ဖွဲ့ထဲက အဖွဲ့အစည်းတချို့ နုတ်ထွက်ခဲ့မှုများလည်း ရှိခဲ့သည်။

စစ်ကောင်စီသည် ဘူးသီးတောင်၊ မောင်တောတွင် မွတ်ဆလင်များအား စစ်သင်တန်းပေးပြီး စစ်ရေးတွင်အသုံးချမှု၊ မွတ်ဆလင်လက်နက်ကိုင် ARSA၊ RSO အဖွဲ့များနှင့်လည်း စစ်ရေးပူးပေါင်းကာ လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးနေကြောင်း AA က ပြောဆိုထားသည်။

လက်ရှိတွင် AA ထိန်းချုပ်နယ်မြေများသို့ ရောက်ရှိလာသော စစ်ဘေးရှောင်ဦးရေ ၅ သိန်းကျော်ထိရှိနေပြီး မောင်တော၊ ဘူးသီးတောင်မြို့နယ်မှ မွတ်ဆလင်အပါအဝင် စစ်ဘေးရှောင်ဦးရေ နှစ်သိန်းခန့်မှာ စားနပ်ရိက္ခာ၊ ဆေးဝါးစသည့် အကူအညီများနေကြောင်း AA က ထုတ်ပြန်ထားသည်။