ကြိုးစားတည်ဆောက်ရမည့် ဖက်ဒရယ်အရေး
ဒီမိုကရေစီဆိုသည်မှာ အခြေအနေအမျိုးမျိုးတို့တွင် အဓိပ္ပာယ်အမျိုးမျိုးရှိကာ ငြင်းခုန်ရသည့် ဝေါဟာရ တခုဖြစ်သည်။ သို့သော် ယေဘုယျအားဖြင့် ဒီမိုကရေစီဆိုသည်မှာ လွတ်လပ်မျှတရွေးကောက်ပွဲများရှိသည့် နိုင်ငံရေးစနစ်ဟု ဆိုနိုင်ပေသည်။
02 Jan 2022
DMG ၊ ဇန်နဝါရီ ၂
(ဆောင်းပါး)
ဆောင်းပါး အနှစ်ချုပ်
ဤဆောင်းပါးတွင် မြန်မာ့နိုင်ငံရေးအရှုပ်အထွေးများနှင့် ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေး၊ ဖက်ဒရယ်စနစ်၏ အားသာချက်၊ အားနည်းချက်၊ ကျင့်သုံးမှုကွာခြားပုံ၊ ဗဟိုချုပ်ကိုင်မှု၊ မခံချက် စသည်ဖြင့် ဖက်ဒရယ်စနစ်အကြောင်းအရာတို့ကိုချဉ်းကပ်ကာ ဖြစ်နိုင်ခြေတို့ကို သုံးသပ်ရေးသားထားသည်။
နိဒါန်း
လက်ရှိ မြန်မာ့နိုင်ငံရေးအခင်းအကျင်းသည် စစ်တပ်လိုလားသည့် ဒီမိုကရေစီအရေးနှင့် တော်လှန်ရေး အင်အားစုများလိုလားသည့် ဖက်ဒရယ်အရေးတို့နှင့် ရှုပ်ထွေးနေသည်။ ၂၀၂၀ ရွေးကောက်ပွဲကို အကြောင်းပြကာ စစ်တပ်က နိုင်ငံအာဏာကိုသိမ်းယူပြီးနောက်ပိုင်း နိုင်ငံအနှံ့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုအား အကြမ်းဖက်ဖြိုခွင်းမှုတို့ကြောင့် ပြည်သူတို့မှာ လက်နက်ကိုင်တော်လှန်ရေးအဆင့်သို့ ရောက်ရှိသွားသည်။
ထို့အတူ တော်လှန်ရေးအင်အားစုတို့က လက်ရှိကျင့်သုံးနေသော နိုင်ငံရေးစနစ်မှတဆင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် လိုလားနေသလို စစ်ကောင်စီဘက်ကလည်း ဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲအသစ်တွင် PR စနစ်ကို ကျင့်သုံးနိုင်ရေးအတွက် စီစဉ်နေသည်။
မြန်မာနိုင်ငံနှင့် ဒီမိုကရေစီအရွှေ့
ဒီမိုကရေစီဆိုသည်မှာ အခြေအနေအမျိုးမျိုးတို့တွင် အဓိပ္ပာယ်အမျိုးမျိုးရှိကာ ငြင်းခုန်ရသည့် ဝေါဟာရ တခုဖြစ်သည်။ သို့သော် ယေဘုယျအားဖြင့် ဒီမိုကရေစီဆိုသည်မှာ လွတ်လပ်မျှတရွေးကောက်ပွဲများရှိသည့် နိုင်ငံရေးစနစ်ဟု ဆိုနိုင်ပေသည်။
အလားတူပင် ဒီမိုကရေစီစနစ်တွင် လူနည်းစုအသိုင်းအဝိုင်းများအပါအဝင် အခြေခံအခွင့်အရေးများနှင့် လူ့အခွင့်အရေးများကို အကာအကွယ်ပေးရသည်ဟုလည်း လက်ခံထားကြသည်။ ထို့အပြင် လွတ်လပ်သည့် မီဒီယာနှင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးတို့အား ရှင်းလင်းစွာ ပိုင်းခြားထားခြင်းကိုလည်း ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်တခု၏ အဓိကကျသည့် အစိတ်အပိုင်းဟုလည်း မှတ်ယူကြသည်။
ယင်းကြောင့် မြန်မာနိုင်ငံတွင် ယခင်က ကျင့်သုံးခဲ့သောစနစ်ကို ဒီမိုကရေစီစနစ်၊ ဒီမိုကရေစီအစိုးရဟု သတ်မှတ်ခဲ့ကြသည်။ သို့သော်လည်း ယင်းဒီမိုကရေစီစနစ်မှာ ပြည်သူတို့နှင့် လိုက်ဖက်ညီမျှမှုမရှိခဲ့ပေ။ ဖွဲ့စည်းပုံဆိုသည့် အကန့်အသတ်ကြားတွင် နိုင်ငံတော်အာဏာကို စစ်တပ်က ကြိုက်သလိုချယ်လှယ်နိုင်သည့် သဘောတွေ့နိုင်သည်။
ယင်းကြောင့် ကောင်းမွန်သော ဒီမိုကရေစီစနစ်တခု မဟုတ်ခဲ့ကြောင်းပြောဆိုရပေမည်။ ယင်းနောက်တွင် စစ်ကောင်စီကိုတော်လှန်နေသည့် NUG/PDF ဘက်ကတော့ စစ်အာဏာရှင်စနစ်ကို အပြုတ်တိုက်ဖျက်ကာ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုသွားမည်ဟု ပြည်သူတို့ကို အသိပေးလာသည်။
ဖက်ဒရယ်နိုင်ငံရေးစနစ်
ဖက်ဒရယ်စနစ်ဆိုသည်မှာ ကျယ်ပြန့်နက်နဲပြီး ငြင်းခုံမှုများစွာရှိနေသော ဝေါဟာရတစ်ခုအဖြစ်ရှိနေသည်။ သို့သော်လည်း ယေဘုယျအားဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အောက်တွင် အကျုံးဝင်ပြီး ဗဟိုချုပ်ကိုင်မှုစနစ် လျော့ချခြင်း၏ ပုံစံတစ်ခုလည်းဖြစ်ခြင်းကို လေ့လာတွေ့ရှိရသည်။
ဖက်ဒရယ်စနစ်တွင် အစိုးရအဆင့်ဆင့်များ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်တို့နှင့် မြို့နယ်အဆင့်တို့အကြား ရှင်းလင်းသည့် အာဏာခွဲဝေကျင့်သုံးရေးတို့ ပါရှိနေသည်။ အာဏာခွဲဝေရေး ပထမအဆင့်အနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်မှုဆိုင်ရာ ဖက်ဒရယ်အခြေခံမူအရ နိုင်ငံအတွင်းရှိ အုပ်ချုပ်ပုံ တစ်ဆင့်ချင်းစီတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာမခံပေးသတ်မှတ်ထားသော လုပ်ပိုင်ခွင့်အာဏာများရှိကြသည်။
ဒုတိယအားဖြင့် ဖက်ဒရယ်စနစ်တွင် မျှဝေအုပ်ချုပ်မှုဆိုင်ရာ အခြေခံမူလည်းပါဝင်သလို အစိုးရအဆင့်ဆင့်တို့သည် လက်တွဲကာ ပူးတွဲဆုံးဖြတ်ချက်ကို လုပ်ကိုင်ရသည်။ ဗဟိုအစိုးရအများစုတွင် နိုင်ငံသားဖြစ်မှု၊ အကြီးစားစီးပွားရေးစီမံကိန်း၊ ဆိပ်ကမ်းနှင့် လေဆိပ်ကဲ့သို့ စသည့်ကိစ္စရပ်များကို ဆိုလိုသည်။
ယင်းကြောင့် ဖက်ဒရယ်စနစ်တွင် အစိုးရအဆင့် အနည်းဆုံး ၂ ဆင့်ပါဝင်သည်။ လူတိုင်းအတွက် အရေးပါသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာကို စီမံအုပ်ချုပ်သည့် ဗဟိုအဆင့်အစိုးရရှိနေသည်။ ထိုအထဲတွင် ကာကွယ်ရေး၊ လက်နက်ကိုင်တပ်ဖွဲ့များ၊ နိုင်ငံခြားရေးမူဝါဒ၊ ကုန်သွယ်ရေး၊ နိုင်ငံသားဖြစ်မှု၊ အကြီးစားစီးပွားရေးစီမံကိန်း၊ ဆိပ်ကမ်းနှင့် လေဆိပ်ကဲ့သို့ စသည့်ကိစ္စရပ်များကို ဆိုလိုသည်။
ဗဟိုအစိုးရက ပြည်နယ်၊ တိုင်းဒေသကြီး စသည်တို့ကို စီမံအုပ်ချုပ်သည်။ အဓိက ပြည်နယ်အစိုးရသည် ဒေသနေပြည်သူများနှင့် တိုက်ရိုက်သက်ဆိုင်သည့် တရားရေး၊ မူဝါဒရေးရာတို့ကို ထိန်းချုပ်လုပ်ကိုင်နိုင်သည်။
တချို့သော ဖက်ဒရယ်စနစ်မှာ မည်သည့်အဆင့်အစိုးရက အာဏာကို သီးသန့်ပိုင်ဆိုင်ထားခြင်းမျိုးမရှိဘဲ။ အချင်းချင်းအကြား လုပ်ပိုင်ခွင့်ကိုမျှဝေထားရှိသည်။
ဖက်ဒရယ် အားသာချက်
ဖက်ဒရယ်စနစ်၏ အဓိကသွင်ပြင်မှာ မတူညီသောနယ်မြေ၊ ဒေသအသီးသီးတွင်နေထိုင်သည့် လူမှုအသိုင်းအဝိုင်းအသီးသီးက နိုင်ငံတနိုင်ငံတည်းတွင် အတူတကွနေထိုင်ရန် လုပ်ဆောင်ပေးသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ သဘောတူညီချက်များလည်းဖြစ်နေသည်။
ယင်းသဘောတူညီချက်များမှာ နိုင်ငံအနေဖြင့် မတူကွဲပြားသည့်လူများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အခွင့်အရေးများကို ကာကွယ်ပေးပြီး တပြိုင်တည်းမှာ စည်းလုံးညီညွတ်မှုကို အသိအမှတ်ပြုခြင်းပင်ဖြစ်သည်။
ဖက်ဒရယ်စနစ်ဖြင့်အုပ်ချုပ်ခြင်းမှာ နယ်မြေဒေသတစ်ခုကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးလိုက်သည့်အတွက် ခွဲထွက်သွားမှာလားဆိုပြီး စိုးရိမ်မှုတို့ရှိတတ်ကြသည်။ သို့သော် ဖက်ဒရယ်စနစ်အများစုမှာ နိုင်ငံတော်၏နယ်နိမိတ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအလင်းထည့်ပေးပြဋ္ဌာန်းထားတတ်သည်။ ထို့အပြင် ဖက်ဒရယ်စနစ်မှာ နိုင်ငံတော်ကိုမပြိုကွဲစေရေးကို လက်တွေ့ကျကျ ထိန်းချုပ်ထားနိုင်သည်ကိုလည်း တွေ့ရသည်။
ဖက်ဒရယ်စနစ်ရဲ့ အားနည်းချက်
တနည်းအားဖြင့် ဖက်ဒရယ်စနစ်မှာ ဗဟိုချုပ်ကိုင်မှုစနစ် လျော့ချခြင်းတစ်ခုအဖြစ်လည်း တွေ့မြင်နိုင်သော်လည်း ဗဟိုချုပ်ကိုင်မှုရှိနေသေးကာ တစ်နိုင်ငံနှင့် တစ်နိုင်ငံတော့ မတူညီကြပေ။ သက်ဆိုင်ရာနိုင်ငံများ၏ ပကတိအခြေအနေနှင့်ကိုက်ညီအောင် ဖော်ဆောင်ရခြင်းဖြစ်သဖြင့် လျော့ချမှုမှာ အနည်းအများပေါ်တွင် မူတည်ကြောင့် သတိပြုစရာပင်။
ဖက်ဒရယ်စနစ်ဖြင့် နိုင်ငံတော်ကို စုပေါင်းဖွဲ့စည်းသည့်အခါတွင် ဖြစ်ပေါ်လာသည့် အားနည်းချက်များလည်း ရှိနေသည်။ အစိုးရအဆင့်အသီးသီးက မတူညီသည့် မူဝါဒအသစ်များစွာကို စည်းကမ်းတကျ ထိန်းချုပ်ဖို့ တာဝန်ယူရသည်။ ယင်းကြောင့် တခါတရံ ထပ်ကာထပ်ကာ မူဝါဒချင်းဆန့်ကျင်နေမှုများ ရှိလာသည်။ အစိုးရအဆင့်အသီးသီးအကြား၌ ပဋိပက္ခလည်းရှိလာနိုင်သည်။ နိုင်ငံသားများအနေဖြင့်လည်း မည်သူက မည်သည့်ကိစ္စကို တာဝန်ယူသည်ဆိုသော အစိုးရအရာရှိတို့ကို သိရှိရမှုခက်ခဲစေသည်။
ဖက်ဒရယ်စနစ်မှာ အခြားအစိုးရစနစ်များထက် ပိုမိုရှုပ်ထွေးစေသည်။ ဗဟို၊ ပြည်နယ်၊ မြို့နယ် စသည်ဖြင့် အစိုးရအဆင့်အဖွဲ့အစည်းများ သက်ဆိုင်ရာရုံးများ၊ ဝန်ထမ်းများပြားခြင်းတို့ရှိသည်။ ယင်းကြောင့် လစာ၊ အထွေထွေစရိတ်စခများ ပိုမိုကုန်ကျသည်။ ယင်းကြောင့် ဆင်းရဲသည့်နိုင်ငံများအတွက် ထိုကုန်ကျစရိတ်များမှာ ကြီးလေးသည့် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်။
ယင်းအပြင် ဖက်ဒရယ်စနစ်ဆိုသည်မှာ ဖွဲ့စည်းပုံအခြခံဥပဒေစနစ်မှာ ထည့်သွင်းပြီး အခိုင်အမာပြဋ္ဌာန်းရမှု ဖြစ်သည့်အတွက် ပြင်ဆင်ရခက်ခဲ့စေသည်။
တနိုင်ငံလုံးအနေဖြင့် လူအများစု၏ဆန္ဒဖြစ်သော်လည်း တခါတလေ နယ်မြေဒေသတခုတွင် လူအများစု၏ဆန္ဒ မဟုတ်ဘဲလည်း ဖြစ်နိုင်သည်။ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေသည် အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ပြောင်းလွယ်၊ ပြင်လွယ်မရှိတော့ဘဲ ပုံသေကားကျဖြစ်လာတတ်သည်။
ဥပမာ-နိုင်ငံတစ်ခုမှာ ပြည်သူတရပ်လုံးသဘောထားက အမြဲတစေမလွှမ်းမိုးနိုင်ပေ။ ဖက်ဒရယ်စနစ် လူအများစုက ထောက်ခံနေသော်လည်း တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်များက နှောင့်နှေးအောင်လုပ်ခြင်း၊ ဗီတိုအာဏာဖြင့်ပယ်ချခြင်းတို့လည်း ရှိလာနိုင်သည်။
နယ်မြေအလိုက်စုဝေးနေသော လူမျိုးစုများကို ကိုယ်ပိုင်အုပ်ချုပ်ခွင်ဖြင့် ခွဲဝေပေးနိုင်သော်လည်း လူနည်းစုအတွင်းမှာရှိသည့် လူနည်းများကတော့ ခွဲခြားဆက်ဆံခံရနိုင်သေးသည်။ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်တို့ကို ဝိဒေသလက္ခဏာဖြင့် သတ်မှတ်လိုက်သည့်အခါ အုပ်စုမတူသည့် တခြားလူနည်းစုလည်း ပါဝင်သွားမည်ဖြစ်သည်။
နိုင်ငံအလိုက် ဖက်ဒရယ်စနစ်ကျင့်သုံးပုံ ကွာခြားချက်
ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ဖက်ဒရယ်ဆိုသော်လည်း အုပ်ချုပ်ပုံစီစဉ်ပုံစနစ် ဒီဇိုင်းအမျိုးမျိုးဖြင့် အုပ်ချုပ်ကြသည်။ ပုံသေကားချ မတူညီမှုမရှိကြောင်းကို တွေ့ရသည်။
အမေရိကန်ပြည်ထောင်စုတွင် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့်တွင် အစိုးရက သမ္မအဆင့်ရှိသည်။ အစိုးရက အားလုံးပြည်နယ်တိုင်းတွင် ပြည်နယ်လွှတ်တော်နှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးကို ပြည်သူလူထုက တိုက်ရိုက်ရွေးကောက်တင်မြှောက်သည်။
ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြည်နယ်အုပ်ချုပ်ရေးပိုင်းကို အကြီးအကဲအဖြစ်ဆောင်ရွက်သည်။ ၎င်းမှာ ပြည်နယ်လွှတ်တော်ကို ဖြတ်သန်းခွင့်မရှိပေ။ ပြည်နယ်လွှတ်တော်ကလည်း ပြည်နယ်အုပ်ချုပ်ရေးမှူးကို ရာထူးတာဝန်က ထုတ်ပယ်ခွင့်မရှိပေ။ ပြစ်မှုကျူးလွန်မှ စွပ်စွဲပြစ်တင်မှုကို ပြုလုပ်၍ရသည်။ အုပ်ချုပ်ရေးမှူးများမှာလည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အပေါ် သြဇာသက်ရောက်မှုနည်းသည်။ အုပ်ချုပ်းရေးမှူးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့မှာ ပြည်သူလူထုက တိုက်ရိုက်ရွေးချယ် တင်မြှောက်ထားသည့်အတွက် တရားနည်းလမ်းကျနေသည်။
ဂျာမနီနိုင်ငံတွင် ပြည်နယ်အဆင့်နှင့် ဖက်ဒရယ်အဆင့်တို့တွင် လူထုသည် ပြည်နယ်လွှတ်တော်ကို ရွေးကောက်တင်မြှောက်ကြသည်။ ပြည်နယ်တခုစီတွင် ပြည်သူတို့က တိုက်ရိုက်ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်ရှိသည်။ လွှတ်တော်ကိုယ်စားလှယ်တို့က ပြည်နယ်ဝန်ကြီးချုပ်ကို ရွေးချယ်သည်။ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့ကို ရွေးချယ်ကြသည်။ သို့သော်လည်း ပြည်နယ်အမတ်များက ပြည်နယ်အစိုးရကို အယုံအကြည်မရှိဟု အဆိုတင်သွင်းနိုင်ပြီး အဆိုအနိုင်ရလျှင် ဖြုတ်ချနိုင်သည်။
နီပေါနိုင်ငံတွင် ဖက်ဒရယ်နှင့် ပြည်နယ်အဆင့်အစိုးရများက ပါလီမန်စနစ်၊ ဝန်ကြီးချုပ်စနစ်ဖြစ်သည်။ ပြည်သူလူထုက ပြည်နယ်လွှတ်တော်အမတ်များကို ရွေးချယ်တင်မြှောက်ကြသည်။ သမ္မတက ပြည်နယ်အားလုံးတွင် အုပ်ချုပ်ရေးမှူးတစ်ဦးစီကို ရွေးချယ်ခန့်အပ်သည်။ အုပ်ချုပ်ရေးမှူးက ပြည်နယ်လွှတ်တော်တွင် ကိုယ်စားလှယ်အများစုရသည့် ပါတီခေါင်းဆောင်ကို ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ရသည်။ ပြည်နယ်ဝန်ကြီးချုပ်ကသာ ပြည်နယ်ဝန်ကြီးအဖွဲ့ကို ရွေးချယ်သည်။ အမှန်တကယ် ဆုံးဖြတ်ချက်ချမှတ်နိုင်သည်မှာလည်း ပြည်နယ်ဝန်ကြီးချုပ်ပင်ဖြစ်သည်။ ပြည်နယ်ဝန်ကြီးချုပ်က ဝန်ကြီးများကို ရွေးချယ်သည်။ ဝန်ကြီးများက ပြည်နယ်လွှတ်တော်ကို တာဝန်ယူရသည်။
ယင်းကြောင့် ဖက်ဒရယ်စနစ်မှာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီသည့်ဒီဇိုင်းများစွာဖြင့် သွားနေကြသည်။ မိမိတို့ နယ်မြေ၏ နောက်ခံသမိုင်းယဉ်ကျေးမှုတို့အရ သဟဇာတလိုက်လျောညီထွေမှုကို အခြေခံကာသွားရမည်ပင်။
ဗဟိုဦးစီးစနစ် လမ်းကြောင်း
မြန်မာနိုင်ငံတွင် ယခင်ခေတ်အဆက်ဆက်စစ်အစိုးရများနှင့် မကြာသေးခင်က ဦးသိန်းစိန်အစိုးရ၊ NLD အစိုးရတို့ ခေတ်ကာလက ကျင့်သုံးခဲ့သည့်စနစ်မှာ ဗဟိုဦးစီးကျင့်သုံးသည့်စနစ်သာဖြစ်ကြောင်း ဆိုရပေမည်။ ပြည်ထောင်စုအခွန်အခများကို ပြည်ထောင်စုဗဟိုကနေရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုရခြင်းမျိုးဖြစ်သည်။
၎င်းကို နိုင်ငံရေးစနစ်အရ မြန်မာနိုင်ငံသည်ဒီမိုကရေစီနိုင်ငံဟု ခေါ်ကြသော်လည်း အမှန်လက်တွေ့တွင် ဗဟိုဦးစီးစနစ်ဖြင့်သွားခဲ့ရသည့် လမ်းကြောင်းသာဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင်လည်း စစ်တပ်နှင့် ပတ်သက်သည်တို့ကို တို့ထိ၊ ပြင်ဆင်၍ မရနိုင်ခြင်းများစွာရှိနေသည်။
တနည်းအားဖြင့် လွှတ်တော်ထဲတွင် မဲခွဲဆုံးဖြတ်ရာ၌ အားရှိသောသူ အင်အားကြီးသောအဖွဲ့အစည်း နိုင်သည်ဆိုသည့် သဘောဖြစ်ခဲ့သည်။ ထိုအခါလွှတ်တော်တွင် လူနည်းစုဖြစ်သော တိုင်းရင်းသားပါတီများက ဘာမှလုပ်ပိုင်ခွင့် မရှိခဲ့ပေ။
ဗဟိုချုပ်ကိုင်မှု
ဗဟိုချုပ်ကိုင်မှုဆိုသည်မှာ ပုံမှန်အားဖြင့် နိုင်ငံရေးဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတစ်ခုထံတွင် လုပ်ပိုင်ခွင့် အာဏာများနှင့် တာဝန်များစုစည်းနေခြင်းနှင့် ဆုံးဖြတ်ချက်အားလုံးကို ပြည်ထောင်စုကသာ ချမှတ်ပေးခြင်းဖြစ်သည်။ ထိုစနစ်တွင် မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက်ကတည်းက ပါဝင်နေသည်ကို တွေ့ရမည်။
ထို့အတူ ဖက်ဒရယ်စနစ်တွင်လည်း ဗဟိုချုပ်ကိုင်မှုရှိနေသည်။ ဖက်ဒရယ်စနစ်သည် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/တိုင်းဒေသကြီးတို့အကြား အများစုတွင် လုပ်ပိုင်ခွင့်အာဏာများ ခွဲဝေပေးထားခွင့်ကို ရည်ညွှန်းသော်လည်း လုပ်ပိုင်ခွင့်အာဏာများနှင့် ဆုံးဖြတ်ချက်ချနိုင်သည့် အခွင့်အာဏာတို့သည် ပြည်ထောင်စု အဆင့်တွင်သာ အလွန်များပြားစွာ စုဝေးနေခြင်းတို့ရှိနေသည်။
ယင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲထားခြင်းအပေါ်တွင်မူတည်ပြီး ပြည်နယ်/ တိုင်းဒေသကြီးများ၏ လုပ်ပိုင်ခွင့်အာဏာနှင့် တာဝန်များအပေါ် ပြည်ထောင်စုအစိုးရမှ တဖြည်းဖြည်း ဝင်ရောက်စွက်ဖက်လာခြင်းတို့ကိုလည်း ဖက်ဒရယ်နိုင်ငံအများတွင် တွေ့မြင်နေရသည်။
မြန်မာနိုင်ငံနှင့် ဖက်ဒရယ်အာမခံချက်
ယခုအချိန်သည် စစ်တပ်အာဏာသိမ်းထားသည့် အချိန်ဖြစ်သည့်အတွက် ဖက်ဒရယ်ကို သွားမည်ဆိုသော်လည်း အခြေအနေက မလွယ်ကူသေးပေ။ ထိုသို့မဖြစ်အောင် အများကြီး ညှိနှိုင်းရဦးမည်ဖြစ်သလို အခြေခံဖွဲ့စည်းပုံဥပဒေကိုလည်း နဂိုရှိရင်းစွဲသုံးမည်လား၊ ကွက်ကျားဖာထေးကာ ပြင်ဆင်မလား။ တစုံလုံး အသစ်ပြင်နိုင်မည်လားဆိုသည်မှာလည်း အဓိကနေရာတွင် ရှိနေသည်။
ယင်းအပြင် ဖက်ဒရယ်စနစ်အရ ဗမာပြည်နယ်ဖွဲ့စည်းမည်လား၊ သို့မဟုတ် တိုင်း(၇)တိုင်းအဖြစ် ဆက်သွားမည်လားဆိုသည်မှာလည်း အသေးစိတ်ပြောဆိုရမည့်အပိုင်းများက အများကြီးကျန်နေသေးသည်။ တခါ တခြားသော EAOs ထိန်းချုပ်ထားသည့်နေရာများတွင်ကား ဖက်ဒရယ်ကိုလက်ခံမည်လား စသည်ဖြင့် စဉ်းစားစရာများစွာ ရှိနေသေးသည်။
အရေးကြီးသည့်အချက်မှာ ဖက်ဒရယ်စနစ်အတွက် EAOs အင်အားစုများနှင့် လက်ရှိ NUG ကြားတွင် ညှိယူရမည့် အပိုင်းများစွာရှိနေအုံးမည်ဖြစ်သလို EAOs များအတွက် ဖက်ဒရယ်အာမခံချက်မည်မျှ ပေးနိုင်ကြောင်းအပေါ်တွင်လည်း မူတည်နေသည်။
စောင့်ဆိုင်းနေကြတဲ့ ဖက်ဒရယ်တပ်မတော်
လက်ရှိ အာဏာရှင်စစ်ကောင်စီကို အပြုတ်တိုက်ကာ ထိုနေရာတွင် အစားထိုးနိုင်ရန်အတွက် ပြည်သူ့ ကာကွယ်ရေးတပ်မတော်ဖြစ်လာစေရေး ရည်ရွယ်ချက်ကြောင့် NUG က ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေး အားစိုက်ကြိုးပမ်းနေကို တွေ့ရသည်။
လက်ရှိတွင် အာဏာသိမ်းမှုနောက်ဆက်တွဲအဖြစ် နိုင်ငံတဝန်း ပျက်စီးဆုံးရှုံးမှု၊ အရပ်သားပြည်သူ သေဆုံးမှုတို့မှာ နေ့စဉ်ရက်ဆက်ရှိနေဆဲဖြစ်သည်။ ယင်းကြောင့် ပြည်သူတွေများကို အမှန်တကယ် အကာအကွယ်ပေးရန် ဖက်ဒရယ်တပ်မတော်နှင့်အတူ အစိုးရသစ်ဖွဲ့စည်းနိုင်ရေးကိုလည်း ဗမာလူထုက မျှော်လင့်ချက်ကြီးကြီးနဲ့ စောင့်ဆိုင်းနေခြင်းဖြစ်သည်။
သို့သော်လည်း တိုင်းရင်းသားအားလုံးပါဝင်သည့် ဖက်ဒရယ်တပ်မတော်တည်ထောင်ရေးတွင် နိုင်ငံရေးဆိုင်ရာ အားလုံးလက်ခံနိုင်သည့် ဖက်ဒရယ်မူဘောင်သဘောတူညီမှု၊ ဆွေးနွေးညှိနှိုင်းမှု များစွာလိုအပ်နေသေးသည်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ်ကို တည်ထောင်သည်နှင့် ဖက်ဒရယ်တပ်မတော်ဖြစ်လာမည်။ လက်ရှိ စစ်ကောင်စီတပ်နေရာမှာ အစားထိုးနိုင်မည်ဟု NUG က ဆန့်မှန်းထားသည်။
ဖက်ဒရယ်နိုင်ငံ ဘယ်လိုတည်ထောင်မလဲ
နှစ်ပေါင်း ၇၀ ကျော်ကြာ မြန်မာပြည်တွင်းစစ်မှာ EAOs တို့၏ ငြိမ်းချမ်းရေးအတွက် အားထုတ်မှုတို့က တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအခြေခံသည့် ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ဖြစ်သည်။
စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု နွေဦးတော်လှန်ရေး၏ဦးတည်ချက်များထဲတွင် အာဏာသိမ်း စစ်ကောင်စီပြုတ်ကျရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖျက်သိမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပေါ်ထွန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့ ပါဝင်သည့်အတွက် EAOs တို့နှင့် တထပ်တည်းကျနေသည်ဟု ဆိုနိုင်သည်။
လက်ရှိတွင် ဖက်ဒရယ်တပ်မတော်ကိုထူထောင်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြောဆိုနေသလို EAO တချို့လည်းပါဝင်ကြောင်း ပြောဆိုထားသော်လည်း တချို့သော EAOs တို့မှာလည်း ပူးပေါင်းပါဝင်မှုမရှိသေးသည်ကို တွေ့ရသည်။
ယင်းအချက်မှာလည်း ဖက်ဒရယ်ဆိုကတည်းက ပြည်ထောင်စုအဆင့်မှ ထိန်းချုပ်မှုရှိနေသည်ကို တွေ့ထားသလို တချို့ EAOs တို့၏ ရပ်တည်ချက်၊ မူဝါဒလမ်းစဉ်နှင့် မကိုက်ညီသည့်အတွက်လည်း ဖြစ်နိုင်သည်။
နိဂုံးချုပ်
လက်ရှိအချိန်အခါသည် EAOs များ၏ ငြိမ်းချမ်းရေးအတွက် အားထုတ်မှုနှင့် နွေဦးတော်လှန်ရေး ဦးတည်ချက်များအောင်မြင်ရန် အားထုတ်မှုများ ဆုံချက်ကျပြီး ပြည်ထောင်စုသစ်တည်ဆောက်ရေးအတွက် မျှော်လင့်နိုင်ပြီဟု ယူဆနေကြသည်။
အခြားတဖက်တွင်လည်း EAOs နှင့် NUG/ PDF တို့မှာ စစ်အာဏာရှင်စနစ်ပြုတ်ကျရေး ရည်မှန်းချက်များ တူူညီကြသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် ဗမာပြည်မမှ တော်လှန်ရေး အင်အားစုများနှင့် EAOs တို့အကြား ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်တို့ဖြင့် သဘောထား တထပ်တည်းကျရန် အရေးကြီးနေသည်။ တခါ စစ်အာဏာရှင်မပြုတ်ကျသေးသရွှေ့ အသစ်မြန်မာနိုင်ငံရေးဖက်ဒရယ်လမ်းစဉ်နှင့် စစ်ကောင်စီလိုလားသည့် ဒီမိုကရေစီလမ်းစဉ်တို့မှာ ပိုမိုရှုပ်ထွေးလာနေအုံးမည်ဖြစ်ကြောင်း သုံးသပ်ရေးသား လိုက်ရသည်။
ဂေါင် - ရေးသားသည်