AA နဲ့ ဒါကာ ဆက်ဆံရေး ဘယ်ခရီးရောက်နေပြီလဲ

AA နှင့် ဘင်္ဂလားဒေ့ရှ်တို့သည် နယ်စပ်ရေးရာကိစ္စများနှင့် ပတ်သက်၍ ထိတွေ့ဆက်ဆံမှုများ ဆက်တိုက်ရှိလာနေသည့်အပြင် နယ်စပ်တွင် AA နှင့် ဆက်ဆံရေးအဆင်ပြေကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များမှ ထုတ်ဖော်ပြောဆိုလာခြင်းများ ရှိလာနေခြင်း ဖြစ်သည်။ 

By Admin 18 Mar 2025

AA နဲ့ ဒါကာ ဆက်ဆံရေး ဘယ်ခရီးရောက်နေပြီလဲ

DMG ၊ မတ် ၁၈ 

မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသ အပါအဝင် ရခိုင်တစ်ပြည်လုံးနီးပါးကို သိမ်းပိုက်ထားသည့် အာရက္ခတပ်တော် (AA) နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကြား ဆက်ဆံရေးမှာ အပြုသဘောဆောင်သည့် တိုးတက်မှုရှိလာကြောင်း လေ့လာစောင့်ကြည့်နေသူများက ပြောသည်။ 

AA နှင့် ဘင်္ဂလားဒေ့ရှ်တို့သည် နယ်စပ်ရေးရာကိစ္စများနှင့် ပတ်သက်၍ ထိတွေ့ဆက်ဆံမှုများ ဆက်တိုက်ရှိလာနေသည့်အပြင် နယ်စပ်တွင် AA နှင့် ဆက်ဆံရေးအဆင်ပြေကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များမှ ထုတ်ဖော်ပြောဆိုလာခြင်းများ ရှိလာနေခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့် မတ် ၁၅ ရက်က ရခိုင်ရေပိုင်နက်အတွင်း တရားမဝင် ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၁ ဦးကို AA က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGP) ထံသို့ လွှဲပြောင်းခဲ့သည်။ 

ယင်းအပြင် နယ်စပ်ရေးရာအပါအဝင် စစ်ဘက်ဆိုင်ရာကိစ္စများတွင် AA နှင့် ဆက်ဆံရေး အဆင်ပြေကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ခရီးစဉ်နှင့်ပတ်သက်ပြီး မတ် ၁၃ ရက်က မီဒီယာများနှင့်တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ် အကြံပေးအရာရှိချုပ် Shafiqul Alam က ပြောကြားခဲ့သည်။ 

လက်ရှိတွင် AA နှင့် ဘင်္ဂလားဒေ့ရှ်တို့သည် အပြုသဘောဆောင် တိုးတက်သည့် ဆက်ဆံရေးတွေ့ရသော်လည်း ဘင်္ဂလားဒေ့ရှ်အနေဖြင့် နယ်စပ်ပြဿနာများ ဖြေရှင်းနိုင်ရန် AA နှင့် ထိတွေ့ဆက်ဆံရမည်ဖြစ်ကြောင်း အကဲခတ်များက ဆိုသည်။  

“ ULA/AA က နယ်စပ်ဒေသ တစ်ခုလုံးကို အုပ်ချုပ်ရေး၊ တရားစီရင်ရေး နယ်စပ်ကုန်သွယ်ရေးက အစထိန်းချုပ်လုပ်ဆောင်နိုင်တဲ့ အနေအထား ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ နယ်စပ်ပြဿနာတွေ ဖြေရှင်းဖို့ ULA/AA နဲ့ မဆက်ဆံလို့မရတဲ့ အနေအထား ရှိနေပါတယ်” ဟု ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်သည်။ 

ရခိုင်ရေပိုင်နက်အတွင်း တရားမဝင်ငါးဖမ်းသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း မတ် ၁၅ ရက်တွင် AA ပြောခွင့်ရ ဦးခိုင်သုခက ၎င်း၏ လူမှုကွန်ယက်မှတစ်ဆင့် အသိပေးထုတ်ပြန်ခဲ့သည်။ 

နယ်စပ်ဒေသကို ထိန်းချုပ်ထားသည့် AA သည် ရခိုင်ရေပိုင်နက်အတွင်း ဖမ်းဆီးရမိသည့် ဘင်္ဂလားဒေ့ရှ် ရေလုပ်သားရာနှင့်ချီကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ထံ လွှဲပြောင်းပေးခဲ့ပြီး ယခုအချိန်ထိ၍ လွှဲပြောင်းမှုများ ဆက်တိုက်ရှိနေခြင်း ဖြစ်သည်။ 

အာရက္ခတပ်တော် (AA) သည် နယ်စပ်ဒေသ မောင်တောမြို့နယ်တစ်လုံးကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်နေ့တွင် သိမ်းပိုက်ထိန်းချုပ်ထားပြီးနောက် အုပ်ချုပ်ရေး၊ နယ်စပ်လုံခြုံရေးတို့ကို လုပ်ဆောင်နေခြင်း ဖြစ်သည်။ 

တစ်ဖက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မွတ်ဆလင်ဒုက္ခသည်များကို လာမည့် ၂၀၂၆ ခုနှစ်၊ မကုန်မီ ရခိုင်ပြည်ရှိ ၎င်းတို့၏ နေရပ်သို့ ပြန်ရောက်ပြီး အိဒ်ပွဲတော်ကို ကျင်းပနိုင်ရေးအတွက် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့ အကြံပေး မိုဟာမက် ယူနွတ်စ်က ကတိပေး ပြောကြားခဲ့သည်။  

မိုဟာမက် ယူနွတ်စ်ကနှင့် ကုလအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်တို့သည် မတ် ၁၄ ရက်က မွတ်ဆလင်ဒုက္ခသည်များနှင့်တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်အကြံပေး မိုဟာမက် ယူနွတ်စ်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် AA နှင့် ဆက်ဆံရေး ပိုမိုခိုင်မာစေရန်နှင့် မွတ်ဆလင်ဒုက္ခသည်များကို ရခိုင်သို့ ပြန်ပို့နိုင်ရေးအတွက် AA ၏ သဘောထားကို မေးမြန်းရန်လိုအပ်ကြောင်း စာရေးဆရာ ဝေဟင်အောင်က သုံးသပ်သည်။

“ ဒီသတင်းစကားပါးတာမှာ အာရက္ခတပ်တော်နဲ့ သူတို့ကြားမှာ ဘယ်လောက်ထိ ပြောဆိုဆက်ဆံနိုင်မလဲ။ သူတို့ တစ်ဖက်တည်းက သဘောထားကို ချပြလို့မရဘူး။ အာရက္ခတပ်တော်ရဲ့ သဘောထားကိုလည်း မေးမြန်းစုံစမ်းဖို့ လိုအပ်တယ်။ ရခိုင်ကို ပြန်ပို့ရင်တောင် ချောချောမွေ့မွေ့နဲ့ အဆင်ပြေပြေ ပြန်ပို့နိုင်မယ့် လမ်းကြောင်းကို ရှာသင့်တယ်လို့ မြင်တယ်” ဟု ၎င်းက ဆိုသည်။ 

နေရပ်ပြန်မည့် မွတ်ဆလင်ဒုက္ခသည်များ အနေဖြင့်လည်း လူ့ဂုဏ်သိက္ခာရှိရှိ လူ့အခွင့်အရေးအရ ကောင်းမွန်စွာလာရောက်နိုင်ရန် သက်ဆိုင်ရာအားလုံးဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်ဟု စာရေးဆရာ ဝေဟင်အောင်က ပြောသည်။

မွတ်ဆလင်ဒုက္ခသည်အရေးနှင့် ပတ်သက်၍ AA သည် လက်ရှိ အရှိတရားဖြစ်သည့်အတွက် ဆွေးနွေးမှုများ ပြုလုပ်ရမည်ဟု ယုံကြည်ကြောင်း ဘင်္ဂလားဒေ့ရှ်သို့ လေးရက်တာ ခရီးစဉ်ဖြင့် ရောက်ရှိနေစဉ် မတ်လ ၁၅ ရက်တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်က ပြောကြားသည်။ 

လက်ရှိတွင် မွတ်ဆလင် ဒုက္ခသည်အရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်အပြင် နိုင်ငံတကာ အဖွဲ့အစည်းများကလည်း ULA/AA ကို အသိအမှတ်ပြု ဆက်ဆံလာရမည့် အနေအထားရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ရူမြင်သည်။ 

“ ဒီအတိုင်းပဲ ဆက်ဆံရေးက အောက်ခြေပြည်သူတွေက စပြီး၊ အစိုးရအချင်းအချင်း ဆက်ဆံရေး မကြာခင် ဖြစ်လာလိမ့်မယ်လို့ ယူဆပါတယ်။ အထူးသဖြင့် ဒုက္ခသည် ပြဿနာကို ULA မပါဘဲ ဖြေရှင်းလို့ မရပါဘူး။ အဲဒါကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေရော၊ ဘင်္ဂလားဒေ့ရှ်အစိုးရရော ULA ကိုအသိအမှတ်ပြု ဆက်ဆံလာရမယ့် အနေအထား ရှိပါတယ်။ အဲဒါကတော့ သူတို့ဘက်က မလွဲမသွေ လုပ်ရမယ့် အရာလို့ မြင်ပါတယ်” ဟု ဦးဖေသန်းက ပြောသည်။