- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
AA ထိုးစစ် ဘယ်ထိ ရောက်မည်နည်း
ပဲခူးတိုင်းနယ်စပ်နှင့် မကွေးတိုင်း နယ်စပ်အနီးတို့တွင် စစ်ကောင်စီ၏ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းတို့ကြောင့် တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်း AA က ထုတ်ပြန်သည်။
29 Jan 2025
DMG ၊ ဇန်နဝါရီ ၂၉
ရခိုင်က မြို့နယ် ၁၄ ခုနှင့် ပလက်ဝမြို့နယ်အထိ သိမ်းပိုက်ထားသည့် အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်ပြင်ပ ရခိုင်ရိုးမတောင် တစ်ဖက်ခြမ်းရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်လာနေသည်။
ရခိုင်နှင့် ထိစပ်နေသည့် ပဲခူး၊ မကွေး၊ ဧရာဝတီတိုင်း နယ်စပ်တစ်လျောက်လုံးကို အလုံးစုံထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဇန်နဝါရီ ၂၇ တွင် အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် ပဲခူးတိုင်းနယ်စပ် စစ်ကောင်စီ၏ မိုးထိတောင်တပ်စခန်းအား သိမ်းပိုက်နိုင်ခြင်းနှင့် ဧရာဝတီတိုင်းအတွင်း ထိုးစစ်အရှိုန်မြှင့်တင်ရန် သံချပ်ကားများပါရှိသည့် မှတ်တမ်းဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။
၎င်းအပြင် မကွေးတိုင်းအတွင်း ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီးတွင်လည်း စစ်ကောင်စီ၏ တမခ (၉၉) လက်အောက်ခံ ခမရ (၄၁၉) ၊(၁၄) တပ်ရင်း ပူးပေါင်းထိုးစစ်ဆင်နေခြင်းကြောင့် တိုက်ပွဲများပြင်းထန်နေကြောင်း AA က ဆိုထားသည်။
AA ၏ ထုတ်ပြန်ချက်အရ လက်ရှိ တိုင်း ၃ တိုင်း နယ်စပ်ဒေသအနီးရှိ တိုက်ပွဲများမှာ ရခိုင်ပြည်နယ်စပ် စည်းမျဉ်းပြင်ပတွင် ဖြစ်ပွားနေကြောင်း နားလည်နိုင်သည်။
ယနေ့အခါ တရွေ့ရွေ့ချီတက်နေသည့် AA ၏ ထိုးစစ်များသည် ပဲခူးတိုင်း၊ မကွေးတိုင်းတို့ရှိ စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်းစက်ရုံများကို ခြိမ်းခြောက်လာနေကြောင်း နိုင်ငံရေး၊ စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။
“အာရက္ခတပ်တော်က ရိုးမကိုကျော်ပြီး ရိုးမ အရှေ့ဖက်မှာ (ကပစ) စက်ရုံတွေရှိတယ်။ စစ်ကောင်စီကလည်း တော်တော်လေး အင်အားဖြည့်ထားတယ်။ အထူးသဖြင့် ဧရာဝတီ၊ ပဲခူး၊ မကွေး နယ်စပ်တွေမှာ အလုံးအရင်းနဲ့ ဖြည့်ထားတယ်။ အာရက္ခတပ်တော်ဖက်ကလည်း ဒီနေရာတွေကို မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး တိုက်ကွက်ဖော်လိမ့်မယ်” ဟု နိုင်ငံရေး၊ စစ်ရေးအကဲခတ်သူ ဦးဖေသန်းက သုံးသပ်သည်။
ပဲခူးတိုင်းနယ်စပ်နှင့် မကွေးတိုင်း နယ်စပ်အနီးတို့တွင် စစ်ကောင်စီ၏ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းတို့ကြောင့် တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်း AA က ထုတ်ပြန်သည်။
ယင်းကြောင့် ရိုးတောင်တစ်ဖက် နယ်စပ်ဒေသအတွင်း စစ်ကောင်စီ တပ်စခန်းများကို ထိုးဖောက်နိုင်လျှင် ကပစ စက်ရုံများကို သိမ်းပိုက်နိုင်သည် ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။
“မကွေးတိုင်းနဲ့ ပဲခူးတိုင်းအနောက်ခြမ်းမှာ ကပစ စက်ရုံတွေများတယ်။ ကပစ စက်ရုံတွေက မြေကွက်အားဖြင့် ကျယ်ဝန်းတော့ ထိန်းထားနိုင်မှာပေါ့။ ထိန်းထားနိုင်တယ်ဆိုပေမယ့် ပဒါန်းဘက်မှာ တပ်မ ၉၉ တစ်ခုလုံးကိုပို့ထားရတဲ့ အနေအထားမျိုးရှိတယ်။ ထုတ်စရာတပ်တွေက သိမ်မကျန်တော့ဘူ။ ဒါကြောင့် ကိုယ့်ဖက်ကသာ တိုက်စွမ်းရည်ကောင်းကောင်းနဲ့ တိုက်နိုင်ရင်တော့ သိမ်းနိုင်တဲ့ အနေအထားရှိတယ် ” ဟု CDM ဗိုလ်ကြီးဇင်ယော်က ရှုမြင်သည်။
မကွေးတိုင်းတွင် စစ်ကောင်စီ၏ ကပစ စက်ရုံ ၁၅ ရုံ၊ ပဲခူးတိုင်းတွင် ကပစ စက်ရုံ ၃ ခု အခြေစိုက်ထားသည်။ ကပစ စက်ရုံအများဆုံးရှိသည့် မကွေးတိုင်းတွင် စစ်ကောင်စီက စစ်မျက်နှာမကျယ်ပြန့်လာရေး အပြင်းအထန် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေသည်။
ထိုတိုင်း ၃ တိုင်း နယ်စပ်ဒေတို့တွင် အာရက္ခတပ်တော်၏ တိုက်ပွဲများတွင် နွေဦးတော်လှန်ရေး အင်အားစုများဖြင့် ပူးပေါင်းတိုက်ခိုက်နေကြောင်း သိရသည်။
လက်ရှိ အာရက္ခတပ်တော်နှင့် တော်လှန်ရေးအင်အားစုများအကြား ပူးပေါင်းစစ်ဆင်ရေးပြုလုပ်ခြင်းသည် စစ်ကောင်စီအတွက် ခြိမ်းခြောက်မှုပိုမိုများလာကြောင်း သုံးသပ်ကြသည်။
“ရခိုင်ရိုးမ အရှေ့ဖက်ခြမ်း၊ ဧရာဝတီမြစ် အနောက်ဖက်ကမ်းကို တိုက်နိုင်ရင် ဧရာဝတီနဲ့ ရခိုင်ရိုးမကြားမှာ တော်လှန်ရေးအင်အားစုတွေ နေရာယူဖို့ စုဖွဲ့ဖို့လိုတယ်။ အာရက္ခတပ်တော်ကလည်း နောက်ကွယ်က အထောက်အကူပေးထားနိုင်သလို တဖက်မှာလည်း အာရက္ခတပ်တော်က နောက်ကျောလုံတာပေါ့” ဟု ဦးဖေသန်းက သုံးသပ်သည်။
ရခိုင်တစ်ပြည်လုံးကို စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်ရမည်ဟု ကြွေးကြော်ထားသည့် အာရက္ခတပ်တော်သည် ရခိုင်ပြည်အတွင်း လက်ကျန် မြို့ ၃ မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်း မရှိသေးသော်လည်း ဝိုင်းပတ်ပိတ်ဆို့ထားသည်။
ရခိုင်ပြည်အတွင်း လက်ကျန် ၃ မြို့ ထဲမှ ကျောက်ဖြူနှင့် စစ်တွေတွင် တရုတ်နှင့် အိန္ဒိယ စီမံကိန်းရှိသည့်အတွက် စီမံကိန်းများထိခိုက်ပျက်စီမှုမရှိစေရန် AA က နိုင်ငံရေးနည်းလမ်း သုံးနေကြောင်းလည်း လေ့လာသူများက မှတ်ချက်ပြုကြသည်။
“ကျောက်ဖြူနဲ့ စစ်တွေမှာက တရုတ်နဲ့ အိန္ဒိယ စီမံကိန်းတွေ ရှိတယ်။ သူတို့ စီမံကိန်းတွေ ထိရင် AA ကို ဖိအားပေးနိုင်တာကြောင့် AA ဘက်ကလည်း မလုပ်သေးတာထင်တယ်။ ဒါ့အပြင် ပြည်သူတွေကလည်း မြို့ထဲမှာ ရှိနေသေးတော့ မတိုက်တာဖြစ်နိုင်တယ်” ဟု DMG အယ်ဒီတာချုပ် ဦးအောင်မင်းဦးက သုံးသပ်သည်။
လက်ရှိ အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေများကို စစ်ကောင်စီက ကုန်စည်စီးဆင်းမှုများ ပိတ်ထားသဖြင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို အဓိကအားထားနေရကြောင်း မြင်နိုင်သည်။
အာရက္ခတပ်တော်သည် ရခိုင် လက်ကျန် ၃ မြို့အား ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများမရှိသော်လည်း စစ်တွေမြို့အနီး ပတ်ဝန်းကျင်တွင် နှစ်ဖက်လက်နက်ကြီး၊ စနိုက်ပါ၊ ဒရုန်း တိုက်ခိုက်မှုများရှိနေသည်။
လက်ရှိတွင် ရခိုင်ပြည်အပြင် မြန်မာနိုင်ငံတဝန်းလုံးတွင် တော်လှန်ရေးအင်အားစုများအကြား ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာသဖြင့် ယခု ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံ အလယ်ပိုင်းသို့ စစ်မျက်နှာအများအပြား ဖြန့်ကျက်ကာ တိုက်ခိုက်သိမ်းပိုက်မှုများ လုပ်ဆောင်လာနိုင်ကြောင်း စစ်ရေး၊ နိုင်ငံရေး လေ့လာသူများက သုံးသပ်နေကြသည်။