ဘူးသီးတောင်မြို့မှ စစ်ဘေးရှောင်များကို နေရပ်မပြန်လျှင် အရေးယူမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်ဟုဆို
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်မှ စစ်ဘေးရှောင်များအနေဖြင့် အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး မိမိနေရပ်သို့ မပြန်လျှင် ကျူးကျော်မြေတွင် နေထိုင်သူများအဖြစ် သတ်မှတ်ကာ အရေးယူမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောဆိုလိုက်ကြောင်း သိရသည်။
25 Oct 2022
ဘူးသီးတောင်မြို့ပေါ်မှ စစ်ဘေးရှောင်စခန်းတစ်ခုကို တွေ့ရစဉ်။
DMG ၊ အောက်တိုဘာ ၂၅
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်မှ စစ်ဘေးရှောင်များအနေဖြင့် အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး မိမိနေရပ်သို့ မပြန်လျှင် ကျူးကျော်မြေတွင် နေထိုင်သူများအဖြစ် သတ်မှတ်ကာ အရေးယူမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောဆိုလိုက်ကြောင်း သိရသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးသည် အောက်တိုဘာလ ၁၉ ရက်နေ့က လမ်းမ၊ ရန်အောင်မြေ၊ မြတောင်နှင့် ဂန္ဓာရီ စသည့်စစ်ဘေးရှောင်စခန်းတို့မှ စစ်ဘေးရှောင်စခန်း တာဝန်ခံနှစ်ဦးစီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အချို့ကို ခေါ်ယူကာ ထိုသို့သတိပေးလိုက်ခြင်းဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် စစ်ဘေးရှောင်စခန်း တာဝန်ခံတစ်ဦးကဆိုသည်။
“အစည်းအဝေးမှာတော့ အောက်တိုဘာ ၃၁ ရက်နေ့ကို နောက်ဆုံးထားပြီး နေရပ်မပြန်ရင် ကျူးကျော်မြေဆိုပြီး သတ်မှတ်မယ်လို့ ပြောပါတယ်။ ပြန်ဖို့အတွက်ကို အရင်သုံးလေးကြိမ် ခိုင်းထားပြီးပြီ။ မပြန်ရင် ကျူးကျော်အဖြစ် သတ်မှတ်မယ်။ ကျူးကျော်ဆိုရင် ညမထွက်ရအမိန့်နဲ့ အရေးယူခံရမယ်ပြောပါတယ်။ အမှု နှစ်မှုကျမယ်။ ကျူးကျော်မြေမှာနေတဲ့ တစ်မှု၊ ပြီးရင်ညမထွက်ရပြစ်မှုဥပဒေ- ၁၄၄ ပုဒ်မနဲ့ကျမယ်လို့ ထွေအုပ်ရုံးက ဥက္ကဌကိုယ်တိုင်ပြောတာပါ”ဟု ၄င်းကပြောသည်။
လက်ရှိတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းနှင့်အတူ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များက ကျေးရွာအချို့တွင် တပ်စွဲနေထိုင်နေသောကြောင့် နေရပ်ပြန်ရန် အခက်အခဲရှိကြောင်း လမ်းမစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးက DMG သို့ပြောသည်။
“ကျနော်တို့အနေနဲ့ လုံးဝနေရပ်မပြန်ပါဘူး။ ကျူးကျော် ၂ ခါ ၃ ခါကျော် ကျော်ချင်တာကျော်ပါစေ။ ဘယ်ကိုသွားရမှာလဲ။ သွားရမယ့်နေရာ မရှိဘူး။ သွားရမယ့် အိမ်လည်းမရှိဘူး။ ရွာလည်းမရှိဘူး။ အားလုံး သူတို့ (မြန်မာစစ်တပ်)က တပ်စွဲထားပြီ။ ဘယ်မှာ သွားနေရမှာလဲ။ မြို့ထဲကို သွားနေရအောင်လည်း ပိုက်ဆံမတတ်နိုင်ဘူး။ စစ်ဘေးရှောင်တွေလည်း စိုးရိမ်နေကြတယ်။ ညဆိုရင်လည်း အိပ်မပျော်ကြဘူး”ဟု သူကပြောသည်။
တကျော့ပြန် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် နေရပ်ပြန်သွားလျှင် လက်နက်ကြီးကျည်ထိမှန်ပြီး ထိခိုက်မည်ကို စိုးရိမ်ရသည့်အပြင် မိုင်းအန္တရာယ်ကိုလည်း စိုးရိမ်ရ၍ နေရပ်မပြန်ရဲကြောင်း ရန်အောင်မြေစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
“ကျနော်တို့အနေနဲ့ ဘာမှစဉ်းစားထားတာ မရှိဘူး။ သူတို့အနေနဲ့ အောက်တိုဘာလကုန်လို့ မပြန်ရင် ဘာပြောလာမလဲ စောင့်ကြည့်မယ်။ သူတို့ကတော့ နေရပ်မပြန်ရင် ဥပဒေအရ အရေးယူမယ်ပေါ့။ ဒါကြောင့် အခုလို ကြိုသတိပေးထားတာပေါ့။ သူတို့က အားနဲ့ပြောရင်တော့ စွန့်ခွာသွားရမှာပေါ့။ သွားတော့ တစ်ယောက်မှ မသွားချင်ဘူးလေ”ဟု သူကဆိုသည်။
စစ်ဘေးရှောင်များ၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျန်အေးကို ဆက်သွယ်ခဲ့သော်လည်း “အစည်းအဝေး သွားနေကြောင်း”ပြောဆိုသဖြင့် တုန့်ပြန်ချက် မရရှိခဲ့ပါ။ အလားတူ ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။
ဘူးသီးတောင်မြို့ လမ်းမစစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၉၉၁ ဦး၊ ရန်အောင်မြေစစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၅၆၇ ဦး၊ မြတောင်စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၃၈၇ ဦး၊ ဂန္ဓာရီစစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၇၄၀ ဦးရှိကြောင်း သိရသည်။