ရခိုင်အမျိုးသားနေ့အခမ်းအနားကို ယခုနှစ်တွင် မကျင်းပ

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသော တိုက်ပွဲဖြစ်စဉ်များနှင့် နယ်မြေဒေသမတည်ငြိမ်ခြင်း၊ တရားဥပဒေ စိုးမိုးမှု လျော့နည်းနေခြင်းတို့ကြောင့် ယခုနှစ် ရခိုင်အမျိုးသားနေ့တွင် ပွဲမကျင်းပတော့ကြောင်း စစ်တွေမြို့နယ် ရခိုင် အမျိုးသားနေ့ကျင်းပရေးကော်မတီက ထုတ်ပြန်ကြေငြာထားသည်။

03 Jun 2020

ဓါတ်ပုံ - ၂၀၁၇ ခုနှစ်က ကျင်းပခဲ့သည့် ရခိုင်အမျိုးသားနေ့မြင်ကွင်း

ခင်သရဖီဦး၊ DMG
ဇွန် ၃၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသော တိုက်ပွဲဖြစ်စဉ်များနှင့် နယ်မြေဒေသမတည်ငြိမ်ခြင်း၊ တရားဥပဒေ စိုးမိုးမှု လျော့နည်းနေခြင်းတို့ကြောင့် ယခုနှစ် ရခိုင်အမျိုးသားနေ့တွင် ပွဲမကျင်းပတော့ကြောင်း စစ်တွေမြို့နယ် ရခိုင် အမျိုးသားနေ့ကျင်းပရေးကော်မတီက ထုတ်ပြန်ကြေငြာထားသည်။

ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးစိုးနိုင်က “အဓိကမကျင်းပတာက တိုက်ပွဲတွေကြောင့် လုံခြုံရေးလည်း လျော့နည်းမယ်။ ကျင်းပရေးကော်မတီ အပေါ်မှာလည်း တာဝန်ကြီးမယ်။ အခုက တရားဥပဒေစိုးမိုးရေးက အများကြီးကျဆင်းနေတဲ့ အနေအထားမှာရှိတယ်။ အဲဒါကြောင့် ကော်မတီအနေနဲ့ ကျင်းပလို့သင့်တော်မှာ မဟုတ်ဘူးဆိုပြီးတော့မလုပ်တာ”ဟု ပြောသည်။

ထို့ပြင် COVID-19 ကပ်ရောဂါနှင့်ပတ်သက်ပြီး ဒေသတွင်း လူစုလူဝေးမပြုနိုင်ခြင်းကြောင့်လည်း ယခုပွဲကို မကျင်းပခြင်းဖြစ်ကြောင်း ၎င်းကဆက်၍ပြောသည်။

၂၀၁၄ ခုနှစ်က ကျောက်ဖြူမြို့တွင်ကျင်းပခဲ့သည့် ရခိုင်အမျိုးသားညီလာခံ၌ မဟာမုနိဘုရားကြီး စတင် သွန်းလုပ်ခဲ့သော ကဆုန်လပြည့်ကျော် (၁)ရက်နေ့ကို ရခိုင်အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ရခိုင်အမျိုးသားနေ့သည် ရခိုင်ပြည်သူများ၏စည်းလုံးညီညွတ်မှုကို ပြသသည့်နေ့တစ်နေ့ဖြစ်ကာ ယခု ၂၀၂၀ ခုနှစ်တွင်ကျရောက်သည့် (၇)နှစ် မြောက် ရခိုင်အမျိုးသားနေ့တွင် အကြောင်းအမျိုးမျိုးကြောင့် အခမ်းအနား မပြုလုပ်နိုင်ခြင်းမှာ ရခိုင်ပြည်သူများအတွက် နစ်နာမှုတစ်ခုဖြစ်ကြောင်း ဦးစိုးနိုင်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကလည်း ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခဖြစ်စဉ်များကြောင့် ရခိုင်အမျိုးသားနေ့ အခမ်းအနားကို မကျင်းပနိုင်ခဲ့ပေ။