- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
လက်ရှိ မြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခင်းအကျင်း၊ အဖြစ်အပျက်များကို စစ်ရေးဖြင့်ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် အမြဲတမ်းအသင့်ရှိကြောင်း ထုတ်ပြန်လာခြင်း ဖြစ်သည်။
29 Dec 2024
DMG ၊ ဒီဇင်ဘာ ၂၉
ရခိုင်ပြည်တွင် မြို့နယ် (၁၇) ခု ရှိသည့်အနက် မြို့နယ် (၁၄) ခုကို ထိုးစစ်ဆင် သိမ်းပိုက်ပြီးနောက် နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် အမြဲတမ်းအသင့်ရှိကြောင်း အာရက္ခတပ်တော်(ULA/AA) က ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာသည်။
လက်ရှိ မြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခင်းအကျင်း၊ အဖြစ်အပျက်များကို စစ်ရေးဖြင့်ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် အမြဲတမ်းအသင့်ရှိကြောင်း ထုတ်ပြန်လာခြင်း ဖြစ်သည်။
လွန်ခဲ့သော နှစ်ကာလနှစ်များတွင် တရုတ်နိုင်ငံ၏ ဦးဆောင်မှုအောက်၌ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရေး၊ အကြမ်းဖက်မှုများပပျောက်ရေး၊ အွန်လိုင်းလောင်းကစား(ကျားဖျင်) တိုက်ဖျက်ရေး စသည့်ကဏ္ဍရပ်များတွင် ကိုးကန့်(MNDAA)၊ တအာင်း(TNLA) စသည့်အဖွဲ့များနှင့်အတူ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
“မိမိတို့အဖွဲ့အစည်းဟာ အဖိနှိပ်ခံ မြန်မာပြည်သူတစ်ရပ်လုံးရဲ့ လိုလားတောင့်တတဲ့ နိုင်ငံရေးရည်မှန်းချက်တွေ တစ်လုံးတစ်ဝတည်း ရရှိစေရေးအတွက် မားမားမတ်မတ်ဆက်လက် ရပ်တည်ပြီး မြန်မာပြည်အတွင်းက တိုင်းရင်းသား ညီအစ်ကိုတွေရဲ့ အကောင်းဆုံးတဲ့ ညီအစ်ကိုမိတ်ဆွေအဖြစ် ဆက်လက် ရပ်တည်သွားမှာဖြစ်တယ်” ဟု AA က ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်ကအာရက္ခတပ်တော်(AA) တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံတာဝန်ရှိသူတို့ တရုတ်နိုင်ငံ၊ ထိန်ချုံးမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ သို့သော်လည်း တွေးဆုံဆွေးနွေးမှုရလဒ်များကို နှစ်ဖက်စလုံးက တရားဝင်ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ပေ။
ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဂွမြို့ကို အပြီးသတ်ထိန်းချုပ်လိုက်ပြီဟု AA က အတည်ပြုပြီးနောက်တွင် ယခုထုတ်ပြန်ချက်ကို AA က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ရခိုင်ပြည်တွင် မြို့ကြီး ၁၇ မြို့ ရှိသည့်အနက် ၁၄ မြို့ကို AA က အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားပြီး လက်ကျန် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် မြို့တို့ကို သိမ်းပိုက်နိုင်ရေး ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု AA က ထုတ်ဆိုထားသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ရခိုင်လူငယ်တစ်ဦးက “စစ်ကောင်စီကဘက်က လက်မခံရင်၊ ကျောက်ဖြူနဲ့ စစ်တွေကို AA က အင်အားသုံးပြီး ထိုးစစ်ဆင်နိုင်တယ်။ ပြီးတော့ ဧရာဝတီနဲ့ မကွေးဘက်ကို ရက္ခိုင့်တပ်တွေ ရောက်လာနိုင်တယ်။ စစ်တပ်အတွက်တော့ ဘယ်ဘက်ကမှ သက်သာမှာ မဟုတ်ဘူး။ ဆိုတော့ ရခိုင်နဲ့ ဧရာ၀တီ၊ မကွေးတို့ကို အလဲအထပ် လုပ်ရမယ့်ကိန်းပဲ” ဟု ပြောသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ခဲ့သောထိုးစစ်သည် ရခိုင်ပြည်သူတစ်ရပ်လုံး၏ လိုလားသောဆန္ဒနှင့် ရခိုင်ဒေသနေ လူမျိုးပေါင်းစုံ လွတ်မြောက်ရေးကို အဓိကရည်ရွယ်ပြီး၊ အဖိနှိပ်ခံ မြန်မာပြည်သူတစ်ရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက်လည်း တိုက်ရိုက်အထောက်အကူပြုမည်ဟု အကြွင်းမဲ့ ယုံကြည်ကြောင်း AA က ထုတ်ပြန်ထားသည်။
ရခိုင်ပြည်တွင် မြို့နယ် ၁၇ ခုရှိသည့်အနက် မြို့နယ် ၁၄ ခုကို AA က သိမ်းပိုက်ထိန်းချုပ်ထားပြီး ထိန်းချုပ်ထားသည့် မြို့/ရွာများတွင် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများကို ဆောင်ရွက်နေသည်။
ရခိုင်ပြည်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို ကြိုဆိုပြီး၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်သည်။