စစ်တွေတွင် လက်နက်ကြီး အသစ်အဆန်းများ စမ်းသပ်ပစ်ခတ်ရန် စီစဉ်နေ

လက်နက်ကြီး စမ်းသပ်ပစ်ခတ်မည့်ကိစ္စအား စစ်ကောင်စီက ပြည်သူများကို ရှင်းလင်းစွာ အသိပေးထားခြင်းမရှိဘဲ စစ်ကောင်စီဝန်ထမ်းများထံမှတစ်ဆင့် ပြည်သူတချို့က သိရခြင်းဖြစ်သည်။ 

By Admin 28 Sep 2024

စစ်ကောင်စီတပ်က လက်နက်ကြီး လေ့ကျင့်ပစ်ခတ်နေစဉ်။ (ဓာတ်ပုံ - CNICDS)
စစ်ကောင်စီတပ်က လက်နက်ကြီး လေ့ကျင့်ပစ်ခတ်နေစဉ်။ (ဓာတ်ပုံ - CNICDS)

DMG ၊ စက်တင်ဘာ ၂၈ 

ရခိုင်မြောက်ပိုင်းဒေသတွင် AA ထိန်းချုပ်မှုအောက်က လွတ်ကင်းနေဆဲဖြစ်သည့် စစ်တွေမြို့တွင် စစ်ကောင်စီက လက်နက်ကြီး အသစ်ဆန်းများအား စမ်းသပ်ပစ်ခတ်ခြင်း၊ သံချပ်ကာကားများနှင့်အတူ စစ်ရေးအင်အားပြမည်ဟု သတင်းများ ထွက်ပေါ်နေသည်။ 

စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက “ကျောင်းကဆရာမတွေက ဒီနေ့လက်နက်ကြီး စမ်းပစ်ဖို့ရှိလို့ အန္တရာယ်ရှိတဲ့ အတွက် ကျောင်းတက်ဖို့ မလာကြနဲ့လို့ မနေ့က မှာထားတာ။ အဲဒါကြောင့် သားကို ဒီနေ့ကျောင်းမတက်ခိုင်းဘူး။ စစ်ကားအသစ်တွေပါ လမ်းပေါ်မှာ စမ်းမောင်းမယ်လို့ သိရတယ်” ဟု ပြောသည်။ 

လက်နက်ကြီး စမ်းသပ်ပစ်ခတ်မည့်ကိစ္စအား စစ်ကောင်စီက ပြည်သူများကို ရှင်းလင်းစွာ အသိပေးထားခြင်းမရှိဘဲ စစ်ကောင်စီဝန်ထမ်းများထံမှတစ်ဆင့် ပြည်သူတချို့က သိရခြင်းဖြစ်သည်။ 

စစ်ကောင်စီသည် စစ်တွေမြို့တွင် လေကြောင်းနှင့်‌ ရေကြောင်းမှတစ်ဆင့် စစ်အင်အားများ ဖြည့်တင်းလျက်ရှိသည်။  ယင်းအပြင် ပြည်သူများ စားနပ်ရိက္ခာအတွက်ဟု အကြောင်းပြကာ ကုန်သင်္ဘောများဖြင့် လက်နက်ကြီးများကို သယ်ယူနေကြောင်း သိရသည်။ 

“ရုရှားဘက်က ပေးထားတဲ့ လက်နက်ကြီး အသစ်တွေ ရောက်နေတယ်လို့ ပြောတာပဲ။ စက်တင်ဘာ ၂၃၊ ၂၄ ရက် နေ့ကတည်းက ပစ်မယ်ဆိုပြီးတော့ သတင်းထွက်နေတာ။ မိုးရွာနေလို့ မပစ်သေးဘူးထင်တယ်” ဟု စစ်ကောင်စီဝန်ထမ်းများနှင့်နီးစပ်သူ စစ်တွေဒေသခံတစ်ဦးက ပြောသည်။ 

လက်နက်ကြီးများကို မည်သည့်နေရာများသို့ စမ်းသပ်ပစ်ခတ်သွားမည်ကို မသိရသေး၍ ဒေသခံများမှာ စိုးရိမ်မှု မြင့်တက်နေကြသည်။ 

စစ်တွေမြို့ ပတ်ပတ်လည်နှင့် စစ်စခန်း၊ တပ်ရင်း ဌာနချုပ်များအနီးနားတွင် မိုင်းထောင်ခြင်း၊ စစ်ဘက်ဆိုင်ရာ အဆောက်အုံများတွင်လည်း ခိုင်မာသည့် အကာအကွယ်များကို ပြင်ဆင်ထားကြောင်း ဒေသခံများက ပြောသည်။

ပေါက်တောမြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက “ဒီနေ့ စစ်တွေကနေ လက်နက်ကြီး စမ်းပစ်မယ်လို့ သတင်းကြားရတယ်။ ဒါကြောင့် ကျမတို့ သတိနဲ့ နေနေကြတယ်” ဟု ပြောသည်။ 

ပြီးခဲ့သည် ဩဂုတ်လ ၂၉ ရက်က စစ်တွေမြို့နယ်၊ ဝါဘိုနှင့် မင်းလှကျေးရွာကြားရှိ တစ်နေရာနှင့် အမြင့်ကျွန်းကျေးရွာအနီးတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။ ယင်းနောက်ပိုင်းတွင် စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကို ဆက်တိုက်ပြုလုပ်နေသည်။  

အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်ရှိ မြို့များအား တစ်မြို့ပြီးတစ်မြို့ကို သိမ်းပိုက်လျက်ရှိပြီး ချင်းပြည်နယ်၊ ပလက်ဝအပါအဝင် မြို့နယ် ၁၁ ခုကို သိမ်းပိုက်ရရှိထားသည်။ လက်ရှိတွင်လည်း မောင်တော၊ အမ်းနှင့် ဂွမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်နေသည်။