စစ်တွေတွင် ဟိန္ဒူ သုံးထောင်ခန့် စားဝတ်နေရေး အကျပ်အတည်းကြုံနေ
ဟိန္ဒူအများစုမှာ ဆံသဆိုင်၊ ထီးပြင်၊ အဝတ်လျှော်၊ ပလုံလောက်၊ ကူလီထမ်း စသည့် အခြေခံလက်လုပ်လက်စားများဖြစ်ပြီး လက်ရှိကာလတွင် အဆိုပါအလုပ်များဖြင့် ရပ်တည်ရခက်ခဲလာ၍ ဝမ်းရေးအတွက် ရိုက်ခတ်မှုများ ရှိလာနေသည်။
05 Nov 2024
DMG ၊ နိုဝင်ဘာ ၅
စစ်ကောင်စီထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် ဟိန္ဒူ သုံးထောင်ခန့်မှာ အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုတို့ကြောင့် စားဝတ်နေရေးအကျပ်အတည်းနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။
ဟိန္ဒူအများစုမှာ ဆံသဆိုင်၊ ထီးပြင်၊ အဝတ်လျှော်၊ ပလုံလောက်၊ ကူလီထမ်း စသည့် အခြေခံလက်လုပ်လက်စားများဖြစ်ပြီး လက်ရှိကာလတွင် အဆိုပါအလုပ်များဖြင့် ရပ်တည်ရခက်ခဲလာ၍ ဝမ်းရေးအတွက် ရိုက်ခတ်မှုများ ရှိလာနေသည်။
“ဆွေးမျိုးတွေဆီက ထောက်ပံ့ငွေတွေနဲ့ပဲ စားသောက်ပြီး နေနေရတယ်။ ဒီမှာက ဘာအလုပ်မှမရှိဘူး” ဟု စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်မှ ဟိန္ဒူအမျိုးသမီးတစ်ဦးက ပြောသည်။
ယခင်က စစ်တွေမြို့တွင် လုပ်ကိုင်စားသောက်၍ အဆင်ပြေခဲ့သော်လည်း လက်ရှိ မြို့ခံအများစုမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြခြင်း၊ လမ်းခရီးပိတ်ဆို့ထားမှုတို့ကြောင့် ဟိန္ဒူများမှာ ပုံမှန်လုပ်နေကျ အလုပ်အကိုင်များကို အမှီပြုရန် ခက်ခဲလာနေသည်။
“မြို့မှာ လူတွေအများကြီး ရှိခဲ့တုန်းကတော့ အလုပ်လုပ်လို့ရတယ်။ အခုက ဘာတစ်ခုမှ လုပ်လို့မရတော့ဘူး။ ကိုယ့်မှာ စုဆောင်းထားတဲ့ ငွေနဲ့ပဲ ဖြေရှင်းနေရတယ်။ ထမင်းတောင် ဝအောင်မစားနိုင်ကြတော့ဘူး” ဟု စစ်တွေမြို့မှ ဟိန္ဒူအမျိုးသမီး နောက်တစ်ဦးက ပြောသည်။
မြို့ပေါ်တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်၍ စစ်တွေဒေသခံ အများစုမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြသော်လည်း ဟိန္ဒူများမှာ ငွေကြေး၊ လမ်းခရီးသွားလာခွင့် အခက်အခဲများကြောင့် ပိတ်မိနေကြသည်။
လက်ရှိစစ်ရေးကာလ အလုပ်အကိုင်ရှားပါးမှုနှင့်အတူ ကုန်ဈေးနှုန်းမြင့်တက်မှုအပြင် ငွေကြေးအခက်အခဲများကြောင့် ကျန်းမာရေးကိစ္စနှင့် ပတ်သက်၍လည်း စိန်ခေါ်မှုများစွာရှိနေသည်ဟု ဟိန္ဒူများက ပြောကြသည်။
စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက “ဒီကာလမှာတော့ အကုန်လုံးက အရမ်းခက်ခဲကြတယ်။ အရင်ကတည်းကနေ တစ်ရက်လုပ်တစ်ရက်စားတွေအတွက်တော့ အခုအချိန် သူတို့အတွက် ပြောစရာမလိုဘူး။ တစ်ယောက်ကိုတစ်ယောက်လည်း မကူညီနိုင်ကြဘူး။ တခြားအလှူရှင်တွေလည်းမရှိတော့ ထမင်းငတ်တဲ့သူတွေလည်း ရှိနိုင်တယ်” ဟု ပြောသည်။
လက်ရှိတွင် စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီနှင့် AA တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ နှစ်ဖက်စစ်ရေးတင်းမာလျက်ရှိသည်။