- ထိုင်ဝမ်အရေး အသုံးအနှုန်းပြောင်းလဲရန် ရှီကျင့်ဖျင်က ဘိုင်ဒင်ကို ဖိအားပေးခဲ့သည်ဟု ဆို
- အိန္ဒိယဘုရားရှိခိုးကျောင်းတွင် မီးရှူးမီးပန်းပေါက်ကွဲမှုကြောင့် လူ ၁၅၀ ကျော် ဒဏ်ရာရ
- ဘာဆန်ချာကျွန်းသို့ မွတ်ဆလင်ဒုက္ခသည် ၅၀၀ ကျော် ထပ်ပို့
- စစ်ကောင်စီ မကျရှုံးရေး အသည်းအသန် အားထုတ်စောင်မနေတဲ့ တရုတ်
- ရခိုင်ဒေသထွက် ပုရစ်ကောင်များ ဈေးကောင်းရလာ
AA ထိန်းချုပ်ပြီးနောက် သံတွဲတွင် လေကြောင်းဗုံးကြဲခံရ၍ အရပ်သား ထိခိုက်သေဆုံးသူ ၅၅ ဦး ရှိလာ
သံတွဲမြို့နယ်တစ်ခုလုံးကို AA က ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၅ ရက်တွင် အပြီးသတ်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် သံတွဲမြို့နယ်တွင် အရပ်သား သေဆုံးသူ ၁၉ ဦး၊ ဒဏ်ရာရရှိသူ ၃၆ ဦးအထိ ရှိလာသည်။
26 Oct 2024
DMG ၊ အောက်တိုဘာ ၂၆
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို အာရက္ခတပ်တော် (AA) က အလုံးစုံသိမ်းပိုက်ပြီးနောက်ပိုင်းတွင် စစ်ကောင်စီသည် လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေ၍ အရပ်သားထိခိုက်သေဆုံးမှုမှာ မြင့်တက်လာနေသည်။
ယမန်နေ့ (အောက်တိုဘာ ၂၅ ရက်)၊ နံနက် ၄ နာရီခန့်က သံတွဲမြို့၊ အမှတ် (၈) ရပ်ကွက်ကို ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်ထိ လာရောက်ဗုံးကြဲခဲ့မှုကြောင့် အသက် ၁၄ နှစ် အရွယ် ကလေးငယ် ၁ ဦး ဒဏ်ရာရရှိသွားသည်။
ယင်းနေ့၊ ညနေ ၄ နာရီခွဲခန့်တွင် သံတွဲမြို့နယ်၊ ခမောင်းတုန်းကျေးရွာကိုလည်း လေကြောင်းဖြင့် လာရောက်ဗုံးကြဲခဲ့မှုကြောင့် ကျောင်းထိုင်ဆရာတော်တစ်ပါး ထိခိုက်ဒဏ်ရာရရှိသွားသည်။
" ညနေ လေးနာရီခွဲလောက်မှာ ဘုန်းကြီးကျောင်းကို ကြဲချသွားတာ။ ကျောင်းထိုင်ဆရာတော် ဗုံးစထိလို့ ဒဏ်ရာရသွားတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။
သံတွဲမြို့နယ်တစ်ခုလုံးကို AA က ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၅ ရက်တွင် အပြီးသတ်သိမ်းပိုက်ထားသည်။ ယင်းနောက် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် သံတွဲမြို့နယ်တွင် အရပ်သား သေဆုံးသူ ၁၉ ဦး၊ ဒဏ်ရာရရှိသူ ၃၆ ဦးအထိ ရှိလာကြောင်း DMG က ကောက်ယူထားသည့် စာရင်းများအရ သိရသည်။
စစ်ကောင်စီသည် သံတွဲမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် ဒေသခံများမှာ စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့နေရသည်ဟု ပြောဆိုကြသည်။
" မြို့ကို သိမ်းထားပြီးတာတောင် တိုက်ပွဲလုံးဝမရှိဘဲ ဗုံးလာကြဲနေတယ်။ သံတွဲကလူတွေက ပြန်ဝင်ပြီးနေကြပေမယ့် လေကြောင်းအန္တရာယ်ကြောင့် စိတ်လုံခြုံမှုမရှိဘူး" ဟု နောက်ထပ် သံတွဲဒေသခံတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်က သံတွဲမြို့ရှိ မြို့နယ်ခန်းမနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးအား စစ်ကောင်စီက လေကြောင်းဗုံးကြဲခဲ့သဖြင့် အရပ်သား ၁၄ ဦးအထိ အစုလိုက်အပြုံလိုက် သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်။
အလားတူ အောက်တိုဘာ ၁ ရက်က သံတွဲမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲခဲ့မှုကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။
ရခိုင်ပြည်အတွင်းက AA ထိန်းချုပ်ထားသော မြို့နယ်များကို စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေ၍ အရပ်သားသေဆုံးမှု နေ့စဉ်နှင့်အမျှ တိုးလာနေသည်။