ရခိုင်တိုက်ပွဲ တစ်နှစ်တာအတွင်း အရပ်သား ၇၀၀ ကျော် သေဆုံး
သေဆုံးမှုဖြစ်စဉ်များမှာ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှု၊ စစ်ကြောင်းထိုးသတ်ဖြတ်မှု၊ စစ်ကျန်လက်နက်နှင့် မြေမြှုပ်မိုင်းကြောင့်ဖြစ်ပြီး အများစုမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဖြစ်သည်။
18 Nov 2024
DMG ၊ နိုဝင်ဘာ ၁၈
တိုက်ပွဲတစ်နှစ်တာအတွင်း ရခိုင်ပြည်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၇၁၃ ဦးသေဆုံးခဲ့ကြောင်း အာရက္ခတပ်တော် (ULA/AA)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) မှ ထုတ်ပြန်သည်။
ရခိုင်တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်ထိ တစ်နှစ်အတွင်း ဒေသခံအမျိုးသား ၅၁၇ ဦး၊ အမျိုးသမီး ၂၁၈ ဦး သေဆုံးခဲ့ရကြောင်း ဆိုသည်။ သေဆုံးသူများထဲတွင် စစ်တွေမြို့နယ်တွင် ၁၀၈ ဦးဖြင့် အများဆုံးဖြစ်ပြီး ဘူးသီးတောင် ၁၀၄ ဦး၊ ပလက်ဝ ၃၁ ဦးလည်းပါဝင်သည်။
သေဆုံးမှုဖြစ်စဉ်များမှာ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှု၊ စစ်ကြောင်းထိုးသတ်ဖြတ်မှု၊ စစ်ကျန်လက်နက်နှင့် မြေမြှုပ်မိုင်းကြောင့်ဖြစ်ပြီး အများစုမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဖြစ်သည်။
“လေယာဉ်လာသံကို မကြားရဘဲ ဗုံးကြဲမှ အသံကြားရတာ။ ကျမတို့နေတဲ့အနီးမှာ လာကျတော့ ကိုယ့်ကိုယ်ကိုယ် သေပြီလို့တောင် ထင်တာ။ လူနေတဲ့နေရာတွေကိုပဲ ဗုံးလာကြဲနေတော့ ကိုယ့်အိမ်မှာ နေရင်းတောင် မလုံခြုံသလို ခံစားရတယ်” ဟု ပေါက်တောဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ရခိုင်နှင့် ပလက်ဝတွင် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှု၊ စစ်ကျန်လက်နက်နှင့် မြေမြှုပ်မိုင်းတို့ကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရရှိသူ ၁,၅၆၃ ဦးကြောင်း HDCO မှ ထုတ်ပြန်ထားသည်။
ယင်းအထဲတွင် မောင်တော၌ ၃၈၄ ဦးဖြင့် အများဆုံးဖြစ်ပြီး မင်းပြားတွင် ၁၉၇ ဦးဖြင့် ဒုတိယအများဆုံး ဒဏ်ရာရရှိခဲ့ကာ ပလက်ဝတွင် ၄၈ ဦး ဒဏ်ရာရခဲ့သည်။
“စစ်ကောင်စီက အချိန်မရွေး၊ နေရာမရွေး ဗုံးလာကြဲတော့ ရွာမှာလည်း မနေရဲဘူး။ တောတောင်အနီးအနား သွားရင်လည်း ARSA အန္တရာယ်ကို ကြောက်ရသေးတယ်။ ဘယ်နေရာမှ မလုံခြုံဘူး” ဟု မောင်တောမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
တိုက်ပွဲတစ်နှစ်တာအတွင်း ARSA၊ RSO၊ ARA မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ၏ ဖမ်းဆီးသတ်ဖြတ်မှုနှင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၂၂ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၅ ဦးရှိကြောင်းလည်း သိရသည်။
တစ်နှစ်တာအတွင်း သေဆုံးသူများထဲတွင် ၁၈ နှစ်အောက် ကလေးသူငယ် ၁၃၂ ဦးပါဝင်ပြီး ၄၀၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း HDCO မှ ထုတ်ပြန်ထားသည်။
လက်ရှိတွင်လည်း စစ်ကောင်စီသည် AA ထိန်းချုပ်ဒေသများအပါအဝင် တိုက်ပွဲနှင့် မသက်ဆိုင်သည့် နေရာများကို လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်နေ၍ အရပ်သား ထိခိုက်သေဆုံးမှုမှာ မြင့်တက်နေသည်။