- ဂွတပ်ရင်း ခမရ (၅၆၂) အတွင်းပိုင်းထိ AA ထိုးဖောက်ဝင်ရောက်
- ခရီးသည်ကားတစ်စီးကို ARSA ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံး၊ အများအပြားဒဏ်ရာရ
- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
လွိုင်ကော်မြို့တွင်းသို့ ကုန်စည်သယ်ယူခွင့်ကို စစ်ကောင်စီက ပိတ်ပင်မှုကြောင့် ဒေသခံများအခက်တွေ့နေ
“လွိုင်ကော်မြို့ထဲ ဆန်တွေဆီတွေ ဝင်မရတော့ဘူး။ မြို့ထဲဝင်တဲ့ကုန်ကားတွေ ဆေးကုမ္ပဏီကားတွေကို စစ်တပ်တွေက မြို့ဝင်ဂိတ်မှာပိတ်ပြီး ဖမ်းထားတယ်။"
08 May 2023
DMG ၊ မေ ၈
ကယားပြည်နယ် လွိုင်ကော်မြို့တွင်းသို့ အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများသယ်ယူမှုကို စစ်ကောင်စီက ပိတ်ပင်ထားမှုများကြောင့် ဒေသခံများ အခက်အခဲကြုံနေကြသည်။
မေလ ၅ ရက်ကစပြီး အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆားနှင့် ဆေးဝါး သယ်လာသည့် ကားများကို စစ်ကောင်စီ ဒေသကွပ်ကွဲရေးစစ်ဌာနချုပ် (ဒကစ) စစ်ဆေးရေးဂိတ်များက မြို့ဝင်ခွင့်ပိတ်ပင်ထားသဖြင့် ကုန်စည်ပြတ်လပ်မှုများ ဖြစ်ပေါ်နေကြောင်း လွိုင်ကော်မြို့ခံများက ပြောကြသည်။
“လွိုင်ကော်မြို့ထဲ ဆန်တွေဆီတွေ ဝင်မရတော့ဘူး။ မြို့ထဲဝင်တဲ့ကုန်ကားတွေ ဆေးကုမ္ပဏီကားတွေကို စစ်တပ်တွေက မြို့ဝင်ဂိတ်မှာပိတ်ပြီး ဖမ်းထားတယ်။ တစ်ပတ်လောက်ရှိပြီ။ ပင်လောင်းကိစ္စနဲ့ ပက်သက်တယ်လို့ ထင်တယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။
ကယားပြည်နယ်နှင့် ထိစပ်နေသည့် ရှမ်းတောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်ကြား ရက်ရှည်တိုက်ပွဲဖြစ်နေပြီး ပင်လောင်း - ဖယ်ခုံ - လွိုင်ကော် ကားလမ်းမပိုင်းကို နှစ်ဖက်အဖွဲ့က သွားလာခွင့်ပိတ်ပင်ထားသည်။
“ကုန်စျေးတွေလည်း တက်တယ်။ အချို့ကုန်စည်တွေဆိုရင် ပြတ်လပ်ကုန်ပြီ။ ရှေ့ဆက်ပြီး အခုလိုသာ ဆက်လုပ်နေရင် မလွယ်ဘူး” ဟု လွိုင်ကော်မြို့ခံ နောက်တစ်ဦးက ဆိုသည်။
လက်ရှိမှာ ပေါ်ဆန်မွှေးတစ်အိတ်ကို ကျပ် ၁၅၀,၀၀၀ ဝန်းကျင်၊ ထိုင်းစားဆီ တစ်ပုလင်း(တစ်လီတာ) ကို ကျပ် ၁၅,၀၀၀ နှင့် စားအုန်းဆီ တစ်ပိဿာကို ကျပ် ၈,၀၀၀ အထိ ပေါက်စျေးရှိနေကြောင်း အခြေခံစားသောက်ကုန် အရောင်းဆိုင်ရှင်များက ပြောသည်။
အခြေခံအိမ်သုံးဆေးဝါးများမှာလည်း ပါရာစီတာမော တစ်ကဒ်ကို ငွေကျပ် ၃,၀၀၀၊ အစာအိမ်လေနာပျောက်ဆေး (Air-X) တစ်ကဒ်ကို ကျပ် ၅,၀၀၀ အထိ ပေါက်စျေးရှိနေသည်။
“ကုန်စျေးနှုန်းတွေ မတရားမြင့်တယ်။ ပစ္စည်းတွေမဝင်တော့ ပိုဆိုးတာပေါ့။ ဆန်ပဲဖြစ်ဖြစ်၊ ဆီပဲဖြစ်ဖြစ် ဘာပဲဝယ်ဝယ် တစ်သောင်းကျော်လောက်ကို ဖြစ်နေတာ။ ဒီအတိုင်းဆို ရေရှည်မလွယ်ဘူး” ဟု လွိုင်ကော်မြို့မှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။
ထိုသို့ လွိုင်ကော်မြို့တွင်းသို့ ကုန်စည်သယ်ယူခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထားခြင်းနှင့် ပက်သက်ပြီး ကယားပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ အား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။
#F004