ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် ARSA နှင့် RSO ပစ်ခတ်မှုဖြစ်

အောက်တိုဘာ ၁၇ ရက်က အုခီယာ ဒုက္ခသည်စခန်းတွင် ARSA နှင့် RSO တို့အကြား အချင်းချင်းပစ်ခတ်မှု ပြင်းပြင်းထန်ထန်ဖြစ်ပွားမှုကြောင့် စခန်းနေ ဒုက္ခသည်များ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်။

By Admin 18 Oct 2024

ARSA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - ARSA
ARSA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - ARSA

DMG ၊ အောက်တိုဘာ ၁၈

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်အတွင်း မွတ်ဆလင်ဒုက္ခသည်စခန်းတွင် ARSA နှင့် RSO တို့အကြား အချင်းချင်း ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဒုက္ခသည် ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၇ ရက်က အုခီယာဒုက္ခသည်စခန်းတွင် ARSA နှင့် RSO တို့အကြား အချင်းချင်းပစ်ခတ်မှု ပြင်းပြင်းထန်ထန်ဖြစ်ပွားမှုကြောင့် စခန်းနေ ဒုက္ခသည်များ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

" ဒုက္ခသည်စခန်းတွေမှာ ARSA တို့ RSO တို့ အမြဲတမ်း အဝင်အထွက်ရှိတယ်။ စစ်သားစုဆောင်းတာလည်းရှိတော့ သူတို့အချင်းချင်း ဘာဖြစ်ကြလဲတော့ မသိဘူး။ ပစ်ခတ်ကြတာလို့ သိရတယ်။ အဲဒါကြောင့် ဒုက္ခသည်တွေ ဒဏ်ရာရကြတာ။ အရင်တုန်းကလည်း ဖြစ်တာရှိခဲ့တယ် " ဟု မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်က သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဒဏ်ရာရှိသူများမှာ အသက် ၅၀ အရွယ် ဟာမီဒါ၊ အသက် ၁၈ နှစ်အရွယ် အဘူလာ၊ အသက် ၂၅ နှစ်အရွယ် မိုဟာမက်ယူနာ့စ်၊ အသက် ၃၉ နှစ် အရွယ် မိုဟာမက်ဘီလေနှင့် အသက် ၃၀ အရွယ် အိုမာဖရတ်တို့ ဖြစ်သည်။

လက်ရှိတွင် ဒဏ်ရာရရှိသွားသူများကို ကုတုပါလောင်မြို့ရှိ MSF ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ထိုပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒုက္ခသည်မွတ်ဆလင်များအကြား စိုးရိမ်မှုမြင့်တက်နေကြောင်း ဒုက္ခသည်များနှင့် နီးစပ်သူ နယ်စပ်သတင်းရင်းမြစ်က ဆိုသည်။

ARSA နှင့် RSO တပ်ဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်များကို တပ်သားသစ် အတင်းအဓမ္မစည်းရုံးနေပြီး ၎င်းတို့နှင့် အဆင်မပြေသူများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းနှင့် ပြန်ပေးဆွဲခြင်းများလည်း ပြုလုပ်နေကြောင်း ဒုက္ခသည်များက DMG ကို ပြောဆိုထားသည်။

နယ်စပ်ဒေသတွင် စစ်ဘေးရှောင်နေသည့် မောင်တောဒေသခံတစ်ဦးက " ARSA၊ RSO တွေဟာ ပြည်သူတွေကို တောက်လျှောက် ဒုက္ခပေးတယ်။ အဲဒီအထဲမှာ သူ့တို့အချင်းချင်းကြား သဘောထား အဆင်မပြေတာလည်း ရှိကြတယ်။ နောက်ပြီး မောင်တော၊ ဘူးသီးတောင်မှာလည်း ရခိုင်နဲ့ ဒေသနေတိုင်းရင်းသားတွေကို သတ်ဖြတ်တာတွေရှိတော့ ဒီအုပ်စုတွေကလည်း ပြည်သူတွေအတွက် စိုးရိမ်စရာဖြစ်လာတယ် " ဟု ပြောသည်။

ထို့အတူ ARSA၊ RSO စသည့် မွတ်ဆလင်လက်နက်ကိုင်အုပ်စုတို့သည် ဘူးသီးတောင်၊ မောင်တောတိုက်ပွဲများတွင် စစ်ကောင်စီနှင့် ပူးပေါင်းကာ အာရက္ခတပ်တော်ကို တိုက်ခိုက်နေသည်။

ယင်းအပြင် ဘူးသီးတောင်၊ မောင်တောနှင့် မေယုတောင်ကြောတွင် နေထိုင်သည့် ရခိုင်၊ မြို၊ ခမီ၊ သက်၊ ဟိန္ဒူ စသည့် မျိုးနွယ်စုများကို မကြာခဏ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်နေသည်။