- ရခိုင်တွင် လူငယ်များ ဆေးခြောက်သုံးစွဲနေမှုကို တားဆီးရန် လိုအပ်လာ
- စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်တွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်
- ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို စစ်ကောင်စီ နေရာပြောင်းခိုင်းထား
- ဂွဒေသခံများ မြေမြှုပ်မိုင်းအန္တရာယ်ကို ဆိုးရွားစွာ ခံစားနေရ
- တိုက်ပွဲကာလ ပျောက်ဆုံးသွားသည့် သက်လူမျိုး ၄ ဦး သတင်းအစအန မရသေး
ရခိုင်တောင်ပိုင်း AA လက်ထဲမကျရှုံးရေး စစ်ကောင်စီ ခံစစ်ပြင်ဆင်နေ
ရခိုင်ပြည်တောင်ပိုင်းရှိ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မာန်အောင် မြို့နယ်များကို အာရက္ခတပ်တော်(AA) လက်ထဲသို့ မကျရှုံးစေရန်အတွက် စစ်ကောင်စီက အင်အားအများဖြင့် ခံစစ်ပြင်ဆင်လျက်ရှိကြောင်း သတင်းရရှိသည်။
29 May 2024
DMG ၊ မေ ၂၉
ရခိုင်ပြည်တောင်ပိုင်းရှိ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မာန်အောင် မြို့နယ်များကို အာရက္ခတပ်တော်(AA) လက်ထဲသို့ မကျရှုံးစေရန်အတွက် စစ်ကောင်စီက အင်အားအများဖြင့် ခံစစ်ပြင်ဆင်လျက်ရှိကြောင်း သတင်းရရှိသည်။
အဆိုပါမြို့နယ်များတွင် ယခုလတတိယပတ်မှစ၍ စစ်ကောင်စီက ခံစစ်အတွက် စစ်အင်အားများ အပြင်းအထန် တိုးချဲ့လုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
“တပ်တွေကို ရခိုင်ပြည်တောင်ပိုင်းမှာ ဖြန့်ခွဲချနေတာတွေ ရှိတယ်။ ဂွဘက်ကနေ ကျိန္တလီဘက်ကို ပြည်မဘက်က ရဲတပ်ရင်းတွေ ဒီရက်ပိုင်းရောက်ကြတယ်။ အခု စစ်ကောင်စီက တော်တော်ပါးနပ်လာပြီ။ အသွင်ပြောင်းလျှို့ဝှက်ပြီး ရခိုင်ကိုဆင်းလာတာတွေ ရှိနေတယ်။ သူတို့ ပွိုင့်မှတ်တွေကို အဓိကထားပြီး ခုခံစစ်အတွက် ပြင်ဆင်နေတာ” ဟု ဂွဒေသခံတစ်ဦးက ပြောသည်။
ယင်းအပြင် ရန်ကုန်၊ လှိုင်သာယာရဲတပ်ရင်းမှ တပ်ဖွဲ့ဝင် ၆၀ ခန့်ကိုလည်း ယခုရက်ပိုင်းအတွင်း သံတွဲနှင့်၊ ဂွမြို့နယ်များသို့ ပို့ပေးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိ စစ်ရေးပြင်းထန်နေသော သံတွဲမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားနေရာများသို့ စစ်အင်အားတို့ချဲ့မှုနှင့်အတူ မြို့တွင်းနေရာများတွင် စစ်ကောင်စီက လုံခြုံရေးအင်အား တိုးချဲ့ထားကြောင်း သိရသည်။
မာန်အောင်မြို့အခြေအနေနှင့်ပတ်သက်၍လည်း ဒေသခံတစ်ဦးက “မာန်အောင်မြို့မှာ အခုရက်ပိုင်း ဘောလုံးကွင်းနဲ့ လေယာဉ်ကွင်းကို ခြံစည်းရိုးကာတာတွေ လုပ်နေတယ်။ လက်နက်ကြီးအထိုင်စခန်းချဖို့ လုပ်နေတာလို့ သိရတယ်။ ဒါ့အပြင် နေဗီလမ်းကြောင်းတွေကိုလည်း စနစ်တကျလုပ်နေတယ်” ဟု ပြောသည်။
ခြံစည်းရိုးများအခိုင်အမာလုပ်နေခြင်းမှာ စစ်ရေးအတွက် ပြင်ဆင်နေခြင်းမဟုတ်ဘဲ မြို့စည်ပင်သာယာရေးအတွက် လုပ်ပေးနေခြင်းဟု စစ်ကောင်စီက ဒေသခံများကို ရှင်းပြထားကြောင်း သိရသည်။
ယင်းအပြင် တောင်ကုတ်မြို့နယ်ခွဲ မအီမြို့တွင်လည်း စစ်ကောင်စီက အထိုင်စခန်းအချို့ချရန် စီစဉ်နေကြောင်း ဒေသခံများက ဆိုသည်။
“ရခိုင်မြောက်ပိုင်းက မြို့အများအပြားကို အေအေကို ပေးလိုက်ရပြီဆိုတော့ တောင်ပိုင်းကို အဲဒီလိုမဖြစ်ရအောင် ခုခံစစ်အတွက် ပြင်ဆင်နေတာ” ဟု ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ပြောသည်။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း AA သည် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝမြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။ လက်ရှိတွင်လည်း မောင်တော၊ အမ်း၊ သံတွဲမြို့များကို ထိုးစစ်ဆင်နေပြီး စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး ပစ်ကူများဖြင့် အပြင်းအထန် ခုခံနေရသည်။