စစ်ကောင်စီရေတပ် ပစ်ခတ်မှုကြောင့် သံတွဲမြို့နယ်တွင် ကလေး ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ 

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ခမောင်းတုန်းကျေးရွာတွင် ယနေ့ နံနက် ၁၁ နာရီခန့်အချိန် စစ်ကောင်စီရေတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျ၍ ကလေး ၁ ဦးသေဆုံးပြီး၊ ၃ ဦးဒဏ်ရာရရှိသွားသည်။ 

By Admin 20 May 2024

စစ်ကောင်စီရေတပ် ပစ်ခတ်မှုကြောင့် သံတွဲမြို့နယ်တွင် ကလေး ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ 

DMG ၊ မေလ ၂၀

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ခမောင်းတုန်းကျေးရွာတွင် ယနေ့ နံနက် ၁၁ နာရီခန့်အချိန် စစ်ကောင်စီရေတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျ၍ ကလေး ၁ ဦးသေဆုံးပြီး၊ ၃ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။ 

သံတွဲမြို့နှင့် မိုင် ၂၀ အကွာရှိ ကွမ်းဝိုင်းရေတပ်စခန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်မှာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး သေဆုံးဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။  

သေဆုံးသူမှာ အသက် (၈) နှစ်အရွယ် မောင်ဗိုလ်အောင်တင်နှင့် ဒဏ်ရာရရှိသူများမှာ အသက် (၆)နှစ်အရွယ် ကလေးနှစ်ဦးနှင့် အခြားအမျိုးသားတစ်ဦး တို့ဖြစ်သည်။ 

“ကလေးသုံးယောက်က စာသင်ကျောင်းနောက်မှာ ကစားနေကြတာ။ နောက်တစ်ယောက်က အနီးမှာထိုင်နေတာ။ အဲဒီအချိန် လက်နက်ကြီးလာကျပြီး ပေါက်ကွဲသွားခဲ့တာ။ ကလေးတစ်ယောက် ပွဲချင်းဆုံးသွားတယ်” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။ 

ဒဏ်ရာရရှိသူ ၃ သုံးကို နီးစပ်ရာဆေးရုံတွင် ဆေးကုပေးထားပြီး ဒဏ်ရာအခြေအနေပြင်းထန်ကြောင်း သိရသည်။ 

စစ်ရေးပြင်းထန်နေသော သံတွဲမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်းနှင့် မြေပြင်တပ်များမှ လက်နက်ပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးနှုန်း မြင့်တက်လျက်ရှိသည်။ DMG သတင်းဌာနစာရင်းအရ တိုက်ပွဲစတင်သည့် ဧပြီ ၁၃ ရက်မှ မေ ၁၉ ရက်ထိ အရပ်သားသေဆုံးသူ ၂၀ ကျော်နှင့် ဒဏ်ရာရရှိသူ ၅ ဦးထက်မနည်း ရှိသည်။ 

သံတွဲမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်လကျော်ကြာမြင့်လာပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်သည်။ 

“သံတွဲဖက်မှာ စစ်ကောင်စီက စစ်အင်အားတိုးချဲ့နေတယ်။ မြို့ပေါ်မှာလည်း လုံခြုံရေးတိုးချဲ့ချထားတာတွေ ရှိတယ်။ မြို့အဝင်အထွက်မှာလည်း စစ်ဆေးရေးဂိတ်တွေ အရင်ထက်တိုးပြီးချထားတာတွေ တွေ့လာရတယ်” ဟု နောက်ထပ် သံတွဲဒေသခံတစ်ဦးက ပြောသည်။ 

ရခိုင်စစ်ပွဲအတွင်း တပ်စခန်းအများအပြားနှင့် မြို့နယ် (၁၀) ခုအထိ လက်လွှတ်ဆုံးရှုံးထားရသော စစ်ကောင်စီသည် တိုက်ပွဲနှင့်မသက်ဆိုင်သည့် မြို့/ရွာများကို ပစ်မှတ်ထားတိုက်ခိုက်နေ၍ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများ နေ့စဉ်တိုးလာနေသည်။