- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ALP ဖမ်းထားသည့် စစ်တွေက လူငယ် ၄ ဦးကို စစ်သင်တန်းပေးနေ
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၏ မြို့တော် စစ်တွေတွင် ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ရခိုင်လွတ်မြောက်ရေးပါတီ (ALP) က မြို့ခံ လူငယ်များကို ဖမ်းဆီးပြီး စစ်သင်တန်းပေးနေကြောင်း သတင်းရရှိသည်။
07 Mar 2025

DMG ၊ မတ် ၇
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၏ မြို့တော် စစ်တွေတွင် ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ရခိုင်လွတ်မြောက်ရေးပါတီ (ALP) က မြို့ခံ လူငယ်များကို ဖမ်းဆီးပြီး စစ်သင်တန်းပေးနေကြောင်း သတင်းရရှိသည်။
အသက် ၂၀ ကျော်အရွယ်များဖြစ်သည့် မင်းဂံရပ်ကွက်မှ မောင်ဇော်နိုင်ဦး၊ မောင်နီတူးချေ၊ မောင်ပုချေ၊ မောင်ဆန်းကိုဦး တို့ကို ဖေဖော်ဝါရီ ၉ ရက်တွင် ALP က ဖမ်းဆီးခဲ့ပြီးနောက် လက်ရှိတွင် စစ်သင်တန်း ပေးခြင်းခံနေရကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။
" သူတို့ကို စစ်သင်တန်းပေးဖို့ ခေါ်ထားတာလို့ ဒီလမှာပဲ သိရတာ။ မိသားစုဝင်တွေ ALP ရုံးကို အကြိမ်ကြိမ် သွားမေးခဲ့ပေမယ့်လည်း စစ်ဆေးမေးမြန်းစရာ ရှိသေးတယ်လို့ပဲ ပြောခဲ့တာ။ အခုက တစ်လလောက်ရှိပြီ သင်တန်းတက်နေတာကို ဒီရက်ပိုင်းမှာ သိခဲ့တာ " ဟု မိသားစုဝင်နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များမှာ ALP ရုံးသို့ အကြိမ်ကြိမ် သွားရောက်မေးမြန်းခဲ့သော်လည်း စစ်ဆေးမေးမြန်းရန်ရှိသည်ဟု အကြောင်းပြန်ခဲ့ပြီးနောက် စစ်သင်တန်းသို့ ပို့လိုက်ခြင်းဖြစ်ကြောင်း ဆိုသည်။
လက်ရှိ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီက မြို့တွင်း၊ မြို့ပြင် လုံခြုံရေးတိုးမြှင့်ချထားသဖြင့် မြို့တွင်းသို့ တိုက်ပွဲများ ကူးစက်လာမည်ကို မြို့ခံများ စိုးရိမ်မှု မြင့်တက် နေကြသည်။
ယင်းအပြင် ALP ကလည်း စစ်သင်တန်းပေးနေသဖြင့် မိသားစုဝင်များမှာ စိုးရိမ်နေကြောင်း ပြောဆိုကြသည်။
" သင်တန်းပါသွားရင်တော့ မိသားစုဝင်တွေမှာ အမျိုးမျိုးတွေးပြီး စိုးရိမ်တယ်။ စစ်သင်တန်းပေးပြီးရင် ရှေ့တန်းကို ပို့နေတာလည်း ကြားနေရတော့ ပိုပြီး စိုးရိမ်ပါတယ် " ဟု ဒေသခံတစ်ဦးက ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ALP ဥက္ကဌ ဒေါ်စောမြရာဇာလင်းနှင့် အထွေထွေအတွင်းရေးမှူး ခိုင်သူရိန်တို့ကို DMG မှ ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း အဆင်မပြေခဲ့ပေ။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ ရက်ကလည်း စစ်တွေ၊ ဆတ်ရိုးကျ (ကယ်ဆယ်ရေး) ရပ်ကွက်မှ လူငယ် ၃ ဦးကို စစ် ကောင်စီနှင့် ALP ပူးပေါင်းတပ်ဖွဲ့ဝင်တို့က ဖမ်းဆီးခဲ့ပြီးနောက် ယနေ့အချိန်ထိ အဆက်သွယ်ပြတ်တောက်နေကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ရခိုင်တိုက်ပွဲဖြစ်ချိန်မှ စ၍ ALP သည် စစ်ကောင်စီနှင့် ပူးပေါင်းပြီး စစ်တွေမြို့တွင် အရပ်သားများကို ဖမ်းဆီးငွေညှစ်ခြင်း၊ ခရီးသွားများနှင့် ကုန်သည်များထံမှ ငွေတောင်းခံခြင်းများ လုပ်နေကြောင်း ပြောဆိုကြသည်။
ထို့အတူ ALP သည် စစ်ကောင်စီနှင့် ပူးပေါင်းပြီး စစ်တွေမြို့တွင် လုံခြုံရေး ကင်းလှည့်ခြင်းများကိုလည်း ပေါ်ပေါ် ထင်ထင် ပြုလုပ်နေသည်ကိုတွေ့ မြင်ရကြောင်း ဒေသခံများက ပြောဆိုကြသည်။