စစ်ကောင်စီအသိမှတ်ပြု နိုင်ငံရေးပါတီ (၄)ခု၏ တရုတ်ခရီးစဉ်ကို နိုင်ငံရေးအကဲခတ်များအမြင် 

တစ်နိုင်ငံလုံးတွင် စစ်ကောင်စီ ခွင့်ပြုထားသည့် ပါတီစုစုပေါင်း ၅၀ ထဲမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ပါတီ၊ ရခိုင့်ဦးဆောင်ပါတီနှင့်  ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ တို့ကို ဖိတ်ကြားခြင်း ဖြစ်သည်။ 

By Admin 17 Jul 2024

ရန်ကုန်တွင် မေလ ၂၈ ရက်က ပြုလုပ်ခဲ့သည့် နိုင်ငံရေးပါတီများဆွေးနွေးပွဲတစ်ခု။ ဓာတ်ပုံ - USDP 
ရန်ကုန်တွင် မေလ ၂၈ ရက်က ပြုလုပ်ခဲ့သည့် နိုင်ငံရေးပါတီများဆွေးနွေးပွဲတစ်ခု။ ဓာတ်ပုံ - USDP 

DMG ၊ ဇူလိုင် ၁၇

စစ်ကောင်စီက ပါတီတည်ထောင်ခွင့်ပြုထားသည့် မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီ (၄) ခုကို ဇူလိုင် ၂၀ ရက်မှ ၂၇ ရက်အထိ တစ်ပတ်အကြာတွေ့ဆုံရန် တရုတ်ကွန်မြူနစ်ပါတီက  ဖိတ်ခေါ်ထားသည်။

တစ်နိုင်ငံလုံးတွင် စစ်ကောင်စီ ခွင့်ပြုထားသည့် ပါတီစုစုပေါင်း ၅၀ ထဲမှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ပါတီ၊ ရခိုင့်ဦးဆောင်ပါတီနှင့်  ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ တို့ကို ဖိတ်ကြားခြင်း ဖြစ်သည်။ 

ဖိတ်ကြားခံပါတီများမှာ စစ်ကောင်စီနှင့် နီးစပ်သောပါတီများဖြစ်ပြီး နိုင်ငံရေးအပြောင်းအလဲ၊ ပြည်ပဆက်ဆံရေး အတွက် အသုံးချခံရခြင်းဖြစ်သည်ဟု နိုင်ငံရေးအကဲခတ်များက ပြောကြသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက “မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး တရုတ်က သူတို့စီးပွားရေး ထိခိုက်ဆုံးရှုံးမှာကို စိုးရိမ်တယ်။ စစ်ကောင်စီက နယ်မြေကျဆုံးမှုတွေ များလာတဲ့အတွက် တရုတ်ကယုံကြည်မှုအားနည်းလာတယ်။ ဒါကြောင့် တခြားနည်းနဲ့ ဦးသိန်းစိန်ကို ဖိတ်တာတွေရှိတယ်။ နောက်ပြီးတော့ ဒုချုပ်စိုးဝင်းကို ဖိတ်တယ်။ အခု ပါတီ ၄ ခုကို ဖိတ်တာဖြစ်တယ်” ဟု ပြောသည်။

ခရီးစဉ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ပိုးလမ်းမစီမံကိန်း အကောင်အထည်ဖော်ရေး တရုတ်နိုင်ငံက ကျွမ်းကျင်သူများနှင့် အမြင်သဘောချင်း ဆွေးနွေးဖလှယ်သွားမည်ဟု ဖိတ်ကြားစာမှာ ဖော်ပြထားသည်။ 

ဆက်လက်၍ ဦးဖေသန်းက “ဒီပါတီတွေဟာ စစ်ကောင်စီဆီမှာ မှတ်ပုံတင်ထားတဲ့ပါတီတွေဖြစ်တယ်။ စစ်ကောင်စီနဲ့ အလွမ်းသင့်တဲ့ပါတီပေါ့လေ။ နိုင်ငံရေးအပြောင်းအလဲတစ်ခုကို စစ်ကောင်စီက လုပ်ချင်ပုံရတယ်။ အဓိက စစ်ကောင်စီက ကျဆုံးနေတဲ့ပုံရိပ်တွေကို မြင့်တက်ဖို့အတွက် လုပ်ဆောင်နေတာဖြစ်တယ်။ တရုတ်ကလည်း သူ့အကျိုးစီးပွားကို ထိန်းသိမ်းချင်တဲ့အတွက် ဖိတ်တာလို့မြင်ပါတယ်” ဟု ဆိုသည်။

တရုတ်ကွန်မြူပါတီနှင့် တွေ့ဆုံမည့်ကိစ္စနှင့်ပတ်သက်၍ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်ကို DMG က ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

VOA နှင့် အင်တာဗျူးတွင် ဒေါက်တာအေးမောင်က - တရုတ်ခရီးစဉ်အတွင်း ပါတီရပ်တည်မှုအခြေအနေ၊ ယူနန်ကျေးလက်ဒေသဖွံ့ဖြိုးရေး အခြေအနေများကို လေ့လာသွားမည်ဖြစ်ပြီး၊ တရုတ်ကွန်မြူနစ်ပါတီမှ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရန်ရှိကြောင်း ပြောကြားထားသည်။ 

လာမည့်နှစ် ၂၀၂၅ တွင် ရွေးကောက်ပွဲကျင်းပမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားပြီး သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ၎င်းတို့ထိန်းချုပ်နေရာများ၌ ပြင်ဆင်နေသည်။

ယင်းကိစ္စများကို တရုတ်အာဏာပိုင်များနှင့် တွေ့ဆုံတိုင်းပြောဆိုလေ့ရှိပြီး နိုင်ငံရေးပါတီများကို တရုတ်ဘက်က ဖိတ်ကြားခြင်းမှာလည်း ရွေးကောက်ပွဲနှင့် ဆက်စပ်နေကြောင်း နိုင်ငံရေး အကဲခတ်များက ဆိုသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က “ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကို ကျင်းပမယ်ဆိုပြီးတော့ ကြေညာထားတဲ့အခါကျတော့ ဒီရွေးကောက်ပွဲဟာ ဘယ်လောက်ထိ ဖြစ်နိုင်ခြေရှိမလဲ၊ တရားမျှတမှုရှိမလဲ ဆိုတာကို ဆွေးနွေးဖို့အတွက် ဖိတ်ခေါ်တာဖြစ်တယ်။ ဒါပေမယ့် တစ်နိုင်ငံလုံးမှာကျင်းပမယ့် ရွေးကောက်ပွဲ ဖြစ်လာမှာမဟုတ်ဘူး” ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ရခိုင်၊ ရှမ်း၊ ကရင်၊ ကချင်၊ ကရင်နီ၊ စစ်ကိုင်း၊ မန္တလေး စသည့် ဒေသများတွင် တပ်စခန်းများအပါအဝင် မြို့အများအပြားကို လက်လွှတ်ဆုံးရှုံးနေရသည်။

ယခုနှစ်အတွင်း တရုတ်နိုင်ငံဘက်မှအရာရှိများ နေပြည်တော်သို့ လာရောက်မှုရှိသလို ဇွန်လကုန်ပိုင်းက သမ္မတဟောင်းဦးသိန်းစိန် တရုတ်သို့သွားရောက်ခဲ့ပြီး၊ ဒုစစ်ခေါင်းဆောင်စိုးဝင်းလည်း ယခုလအတွင်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။