- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
- ပါကစ္စတန်မှာ လက်နက်ကိုင်များ ရထားတစ်စင်းလုံးကို ပြန်ပေးဆွဲပြီး ခရီးသည်များကို ဓားစာခံဖမ်းဆီး
- ကျောက်ဖြူစီမံကိန်းအား ၂ လအတွင်း အကောင်ထည်ဖော်နိုင်ရန် ဒုစစ်ခေါင်းဆောင် ညွှန်ကြား
- တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသည့် တောင်ကုတ်မြို့ခံ ၁,၀၀၀ ခန့် အခက်အခဲကြုံနေ
- အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား
မသန့်ရှင်းသောရေကို သုံးစွဲနေရ၍ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဝမ်းရောဂါဖြစ်နေ
နွေရာသီကာလဖြစ်၍ သောက်သုံးရေကန်များ ခမ်းခြောက်ကာ ရေရှားပါးမှုကြောင့် ချောင်းရေနှင့် တွင်းရေများကို သောက်သုံးနေရသဖြင့် ဝမ်းရောဂါများဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။
29 Apr 2024

DMG ၊ ဧပြီ ၂၉
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် မသန့်ရှင်းသောရေကို သုံးစွဲနေရ၍ ယိုးငူ၊ သရက်ချို၊ အောင်ဖြူပြင်၊ ပန်းနီလာ၊ ကြံခင်း၊ တောင်နား စသည့်ကျေးရွာများတွင် ဝမ်းပျက်ဝမ်းလျှောနှင့် အရေပြားရောဂါဖြစ်ပွားနေကြောင်း သိရသည်။
နွေရာသီကာလဖြစ်၍ သောက်သုံးရေကန်များ ခမ်းခြောက်ကာ ရေရှားပါးမှုကြောင့် ချောင်းရေနှင့် တွင်းရေများကို သောက်သုံးနေရသဖြင့် ဝမ်းရောဂါများဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။
“အပူချိန်က အရမ်းပြင်းတော့ ရေဆာကြတယ်။ သောက်တဲ့ရေကလည်း မသန့်တော့ ဝမ်းရောဂါဖြစ်ကြတာပေါ့။ ကလေးတွေက အများဆုံးဖြစ်ကြတယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ တောင်နားကျေးရွာသား တစ်ဦးက ပြောသည်။
သောက်သုံးရေရှားပါးမှုဒဏ်ကို တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေရသူများလည်း ကြုံတွေ့နေရခြင်း ဖြစ်သည်။ သောက်သုံးရေ မသန့်ရှင်းမှုကြောင့် စစ်ရှောင်ကလေးအပါအဝင် အသက် (၆)နှစ်အောက် ကလေးငယ်များမှာ ဝမ်းရောဂါအဖြစ်များနေပြီး ဆေးဝါးပြတ်လပ်နေ၍ အခက်အခဲများနှင့် ကြုံတွေ့နေကြသည်။
စစ်ဘေးရှောင်အမျိုးသားတစ်ဦးက “ကျနော်တို့လည်း ချောင်းရေကို သောက်နေရတော့ ဝမ်းရောဂါဖြစ်တာရှိတယ်။ လူကြီးတွေက အဲလောက်မဟုတ်ဘူး။ ကလေးတွေ ပိုပြီးတော့ ဖြစ်ကြတယ်။ ဆေးဝါးတွေလည်း ပြတ်နေတယ်။ ဆေးခန်းသွားပြဖို့လည်း စိန်ခေါ်မှုတွေရှိနေတယ်။ နာမကျန်းတစ်ခုခုဖြစ်ရင် တောဆေးတောင်ဆေးလောက်နဲ့ပဲ ကုသနိုင်တယ်” ဟု ပြောသည်။
မသန့်ရှင်းသောရေကို သောက်သုံးခြင်းကြောင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ၊ အသည်းရောင်အသားဝါ၊ အူရောင်၊ ငန်းဖျား၊ ပိုလီယို၊ အရေးပြားရောဂါများ ဖြစ်တတ်ပြီး တစ်ခါတစ်ရံ အသက်ဆုံးရှုံးသည်အထိ ပြင်းထန်နိုင်ကြောင်း ကျန်းမာရေးဌာနက အသိပေးထားသည်။
ရခိုင်ပြည်တွင် ရေအရင်းအမြစ်ပေါများသော်လည်း နွေရာသီရောက်တိုင်း ရေရှားပါးမှုပြဿနာကို ကြုံတွေ့ရသည်။ ယခုနွေရာသီတွင်လည်း ရခိုင်ပြည်အတွင်း ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး စသည့်မြို့နယ်များတွင် ရေရှားပါးမှုနှင့်အတူ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကို ကြုံတွေ့နေကြရသည်။