- ရခိုင်တွင် လူငယ်များ ဆေးခြောက်သုံးစွဲနေမှုကို တားဆီးရန် လိုအပ်လာ
- စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်တွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်
- ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို စစ်ကောင်စီ နေရာပြောင်းခိုင်းထား
- ဂွဒေသခံများ မြေမြှုပ်မိုင်းအန္တရာယ်ကို ဆိုးရွားစွာ ခံစားနေရ
- တိုက်ပွဲကာလ ပျောက်ဆုံးသွားသည့် သက်လူမျိုး ၄ ဦး သတင်းအစအန မရသေး
စစ်တွေမြို့သို့ စစ်ကောင်စီက ကုန်စည်တင်သွင်းနေသော်လည်း ပြည်သူများထံ မရောက်
စစ်တွေမြို့တွင် စစ်ကောင်စီက ရိက္ခာများဖြည့်နေခြင်းမှာ AA ထိုးစစ်ဆင်ပါက ခံစစ်အဆင်သင့်ဖြစ်အောင် လုပ်ဆောင်နေခြင်းဟု နိုင်ငံရေးအကဲခတ်များက ပြောသည်။
11 May 2024
DMG ၊ မေ ၁၁
စစ်တွေမြို့နေပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်ဆိုပြီး စစ်ကောင်စီသည် ပြီးခဲ့သည့် မေ ၇ ရက်က စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ၊ စားသုံးဆီ၊ ကျန်းမာရေး၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ထင်းအစားထိုးလောင်စာများ အပါအဝင် စုစုပေါင်းတန်ချိန် ၁၅၀၄ ဒသမ ၄၃ တန်ကို ကုန်တင်သင်္ဘောဖြင့် စစ်တွေမြို့သို့ ပို့ဆောင်ပေးခဲ့သည်။
အဆိုပါကုန်ပစ္စည်းများမှာ စစ်တွေမြို့ရှိ စစ်ကောင်စီတပ်ရင်းများသို့ အများဆုံးရောက်ရှိသွားပြီး ပြည်သူအတွက်ဟုဆိုကာ စစ်တပ်က ရိက္ခာဖြည့်တင်းနေခြင်းသာဖြစ်ကြောင်း စစ်တွေမြို့ခံများက ပြောသည်။
“စစ်ကောင်စီက ကုန်ပစ္စည်းတွေ ရောက်တယ်လို့ပြောလည်း ကုန်ဈေးနှုန်းက မကျဘူး။ စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်နေတဲ့ စီးပွားရေးသမားတွေပဲ လုပ်စားနေကြတာ။ နောက်ပြီးတော့ အဲဒီရိက္ခာတွေက စစ်တပ်ထဲကို ရောက်သွားတာပိုများတယ်။ စစ်တပ်ကအင်အားဖြည့်တင်းနေတာ” ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။
ရခိုင်စစ်ပွဲမဖြစ်မီက စစ်တွေမြို့တွင် စက်သုံးဆီတစ်လီတာကို ငွေကျပ် ၃,၀၀၀ ရှိရာမှ လက်ရှိတွင် ၂၂,၀၀၀ကျပ်၊ ပေါ်ဆန်မွှေးဆန် တစ်အိတ်ကို ယခင်က ငွေကျပ် ၉၀,၀၀၀ ရှိရာမှ လက်ရှိ ၂၄၀,၀၀၀ ကျပ်နှင့် အခြား ကုန်ဈေးနှုန်းများမှာလည်း ၃ ဆအထိ မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။
စစ်တွေမြို့၊ ကုန်းတန်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးက “လမ်းတွေပိတ်ထားတဲ့အတွက် မြို့ခံဒေသခံတွေက ဘယ်မှသွားလို့မရဘူး။ ပြီးတော့ ရောက်လာတဲ့ပစ္စည်းတွေကလည်း ဈေးလုံးဝမကျဘူး။ စစ်တွေကို စစ်ကောင်စီက အကုန်လုံး ဝိုင်းထားတာ။ အခု ထင်းတွေရှာမရတဲ့အတွက် အိမ်တွေဖျက်ပြီးတော့ သုံးနေရတယ်” ဟု ပြောသည်။
စစ်တွေမြို့တွင် စစ်ကောင်စီက ရိက္ခာများဖြည့်နေခြင်းမှာ AA ထိုးစစ်ဆင်ပါက ခံစစ်အဆင်သင့်ဖြစ်အောင် လုပ်ဆောင်နေခြင်းဟု နိုင်ငံရေးအကဲခတ်များက ပြောသည်။
ရခိုင်နိုင်ငံရေးသမားတစ်ဦးက “စစ်ကောင်စီက စစ်တွေမြို့ကို လွယ်လွယ်နဲ့ လက်လွှတ်ခံမှာ မဟုတ်ဘူး။ အခုလည်း လူအင်အား၊ လက်နက်အင်အား၊ ရိက္ခာတွေလည်း ဖြည့်နေတယ်။ တိုက်ပွဲဖြစ်ရင်တော့ မြို့ပေါ်မှာရှိတဲ့ ဒေသခံတွေ အများကြီးထိခိုက်နိုင်တယ်။ အခုလည်း ရန်ကုန်ကနေပို့လာတဲ့ ကုန်ပစ္စည်းတွေဟာ စစ်ကောင်စီအတွက်ပဲ ဖြစ်နေတယ် ”ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း အဆင်မပြေခဲ့ပေ။
စစ်တွေမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း စစ်ကောင်စီက မြို့အဝင်/အထွက်ဂိတ်များကို ပိတ်ဆို့ကာ လုံခြုံရေးကို တိုးမြှင့်ချထားပြီး စစ်ရေးပြင်ဆင်ထားသည်။ မြို့နေလူဦးရေ သုံးပုံနှစ်ပုံခန့်မှာလည်း မြို့ပေါ်တိုက်ပွဲ ဖြစ်ပွားမည်ကိုစိုးရိမ်ပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြကာ ကျန်မြို့ခံများမှာ လမ်းခရီးအခက်အခဲ၊ ငွေကြေးအခက်အခဲများကြောင့် မြို့ပေါ်တွင် ပိတ်မိနေကြသည်။
တိုက်ပွဲများ ဖြစ်လာနိုင်သဖြင့် စစ်တွေနှင့် ကျောက်ဖြူမြို့မှ ပြည်သူများအနေဖြင့် မြို့ကိုစွန့်ခွာပြီး လွတ်မြောက်နယ်မြေများတွင် ရွှေ့ပြောင်းနေထိုင်ကြရန် AA က တိုက်တွန်းထားသည်။