- ဂွတပ်ရင်း ခမရ (၅၆၂) အတွင်းပိုင်းထိ AA ထိုးဖောက်ဝင်ရောက်
- ခရီးသည်ကားတစ်စီးကို ARSA ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံး၊ အများအပြားဒဏ်ရာရ
- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
AA ဒု-စစ်ဦးစီးချုပ် ရေးသားသော “သူပုန်ဖြူ” ကဗျာစာအုပ် ထုတ်ဝေမည်
ကဗျာပုဒ်ရေ ၃၀ ကျော်ပါဝင်ပြီး မြန်မာ၊ ရခိုင်၊ အင်္ဂလိပ်၊ တရုတ် ဘာသာ (၄)မျိုးဖြင့် ထုတ်ဝေသွားမည်ဟု ဒေါက်တာညိုထွန်းအောင်က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။
26 Aug 2023
DMG ၊ ဩဂုတ် ၂၆
ရက္ခိုင့်တပ်တော်(ULA/AA)၏ ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ရေးသားထားသည့် “သူပုန်ဖြူ” ကဗျာစာအုပ်ကို အောက်တိုဘာလဆန်းတွင် ပထမဆုံးအကြိမ် ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
ကဗျာပုဒ်ရေ ၃၀ ကျော်ပါဝင်ပြီး မြန်မာ၊ ရခိုင်၊ အင်္ဂလိပ်၊ တရုတ် ဘာသာ (၄)မျိုးဖြင့် ထုတ်ဝေသွားမည်ဟု ဒေါက်တာညိုထွန်းအောင်က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။
“ကဗျာစာအုပ်ပါ ကဗျာအများစုမှာ နွေဦးတော်လှန်ရေးကာလအတွင်း ရေးဖွဲ့ထားတဲ့ကဗျာတွေ ဖြစ်ကြပေမဲ့လည်း ရခိုင်လူမျိုး Dr.ညိုထွန်းအောင် နာမည်နဲ့ ရေးသားခဲ့တဲ့ ကဗျာအနည်းငယ် ပါဝင်တယ်” ဟု ဒေါက်တာညိုထွန်းအောင်က ဆိုသည်။
ကဗျာအများစုကို မြန်မာနှင့် ရခိုင် ဘာသာစကားနှစ်မျိုးဖြင့် ရေးဖွဲ့ထားပြီး ကဗျာအပုဒ်တိုင်းကို အင်္ဂလိပ်ဘာသာ ပြန်ဆိုထားကာ တချို့ကဗျာများကို တရုတ်ဘာသာပြန်ဆိုထားကြောင်း သိရသည်။
“သူပုန်ဖြူ” ကဗျာစာအုပ်ကို စာအုပ်ရေသုံးထောင် (သို့မဟုတ်) လေးထောင်အထိ ထုတ်ဝေမည်ဖြစ်ပြီး လေလံတင်စနစ်ဖြင့် ဖြန့်ချီသွားမည်ဖြစ်သည်။ ဈေးနှုန်းသတ်မှတ်ထားခြင်းမရှိဘဲ ကဗျာအပေါ်ချစ်မြတ်နိုးမှု၊ ကဗျာတပ်မက်မှု၊ သူပုန်ဖြူ၏ကဗျာများကို ကြိုက်နှစ်သက်မှု၊ တော်လှန်ရေးကို ချစ်မြတ်နိုးတန်ဖိုးမှုအပေါ် မူတည်ပြီး မည်သည့်ဈေးဖြင့်မဆို လေလံပစ်ဝယ်ယူနိုင်ကြောင်း AA ဒု-စစ်ဦးစီးချုပ်က ပြောသည်။
“မည်ကဲ့သို့လေလံပစ်ရမည်” “လေလံအောင်သူများလက်ထဲသို့ ကဗျာစာအုပ်ကို မည်ကဲ့သို့ ပေးပို့သွားမည်” ဆိုသည်ကို သူပုန်ဖြူကဗျာစာအုပ်များကို လေလံတင်ခြင်းအနုပညာ(၂) တွင် အသေးစိပ်ရှင်းလင်းမည်ဟု ဒေါက်တာညိုထွန်းက ထပ်လောင်းပြောကြားထားသည်။
“သူပုန်ဖြူ” ကဗျာစာအုပ် ထုတ်ဝေမည့်ကိစ္စနှင့်ပတ်သက်၍ ရခိုင်ကဗျာဆရာ မောင်ကုသ(သိမ်တောင်)က “ကဗျာတွေကို ဘာသာစကား (၄)မျိုးနဲ့ ဖော်ပြထားတာဆိုတော့ ကဗျာကိုစိတ်ဝင်စားတဲ့ နိုင်ငံတကာကလူတွေလည်း ဖတ်ရှုနိုင်တာကြောင့် ကမ္ဘာကိုလည်း ထိုးဖောက်နိုင်တယ်။ ပြီးတော့ နွေဦးတော်လှန်ရေးအဖွဲ့နဲ့ ပူးပေါင်းရေးသားထားတာဆိုတော့ မိမိတို့တော်လှန်ရေးအတွက်လည်း အင်အားဖြစ်စေတယ်။ ပြောရမယ်ဆိုရင်တော့ ဂုဏ်ယူစရာကိစ္စရပ်ဖြစ်တယ်” ဟု ပြောသည်။
ကဗျာစာအုပ်အတွက် အတွင်း/အပြင်ပန်းချီ၊ သရုပ်ဖော်ပုံ၊ ဒီဇိုင်း၊ Layout များကို တော်လှန်ရေး အနုပညာ ညီအစ်ကိုမောင်နှမများက ရေးဆွဲပေးထားခြင်းဖြစ်ပြီး ကဗျာစာအုပ်ဖြစ်လာရန် ပါဝင်ကူညီပေးသူများကို အလေးအနက်ကျေးဇူးတင်ကြောင်း AA ဒုစစ်ဦးစီးချုပ်က ပြောကြားထားသည်။
ဒေါက်တာညိုထွန်းအောင်မှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်အတူ ရက္ခိုင့်တပ်တော်(AA)ကို ဦးဆောင်ကာ ရခိုင်အမျိုးသားများ ရသင့်ရထိုက်သည့် အခွင့်အရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဂုဏ်သိက္ခာရှိသော ရက္ခိုင့်လူ့ဘောင်တစ်ခုကို ထူထောင်ရန်အတွက် ဦးဆောင်တိုက်ပွဲဝင်နေသူဖြစ်သည်။
AA ဒု-စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်သည် “သူပုန်ဖြူ” ကလောင်အမည်ဖြင့် ကဗျာများရေးသား ပြီး ၎င်း၏ကဗျာများနှင့်ပတ်သက်၍ တော်လှန်ရေးအင်အားစုများက လက်ခံကြိုဆိုကြသည်။
#I011