- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
ဒုက္ခသည်စခန်းများတွင် မျိုးဆက်ပွားကျန်းမာရေး အသိပညာပေးမှုများ လိုအပ်နေ
ဒုက္ခသည်စခန်းတွင် နေထိုင်ကြသူများမှာ ကျန်းမာရေးအသိပညာနည်းပါး၍ မလိုလားအပ်ဘဲ ကိုယ်ဝန်ရရှိခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်းများကို တွေ့နေရသည်ဟု စစ်တွေမြို့နယ်၊ သက္ကယ်ပြင် မွတ်ဆလင်ဒုက္ခသည်စခန်းနေ အမျိုးသမီးတစ်ဦးက ပြောသည်။
11 Sep 2023
DMG ၊ စက်တင်ဘာ ၁၁
ရခိုင်ပြည်ရှိ စစ်ဘေးရှောင်စခန်းနှင့် မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးသင်တန်းများ လုပ်ဆောင်ပေးနေရန် လိုအပ်နေကြောင်း တောင်းဆိုနေကြသည်။
ဒုက္ခသည်စခန်းများရှိ အမျိုးသမီးများမှာ ကျန်းမာရေးဗဟုသုတ အားနည်းခြင်းကြောင့် ကိုယ်ဝန်ပျက်ကျခြင်း၊ သားအိမ်အပါအဝင် မိန်းမကိုယ်နှင့်ဆက်စပ်သောရောဂါများ အဖြစ်များနေသည်ဟု ကျန်းမာရေးအသိပညာပေး လုပ်ဆောင်နေသူများထံမှ သိရသည်။
IDPs Camp များတွင် ကျန်းမာရေးအသိပညာပေးမှု လုပ်ဆောင်နေသော သူနာပြုဆရာမတစ်ဦးက “မျိုးဆက်ပွားကျန်းမာရေး အသိပညာပေးမှုတွေ လုပ်ဆောင်ပေးနေပေမယ့် ထိရောက်မှု မရှိသေးဘူး။ ဆိုလိုတာက လိုက်နာသူဘက်က လိုသလို၊ ပေးတဲ့သူတွေဘက်ကလည်း ထိရောက်တဲ့အချက်ကိုပဲ ပေးဖို့လိုပါတယ်။ ကျန်းမာရေးအသိ အားနည်းတာဟာ နောက်ဆက်တွဲ ဆိုးကျိုးအများကြီး ဖြစ်ပါတယ်” ဟု ပြောသည်။
လတ်တလောတွင် IDPs Camp များ၌ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ကျန်းမာရေးအသိပညာပေးမှုများ လုပ်ဆောင်နေသော်လည်း ထိရောက်မှုမရှိကြောင်း သိရသည်။
ဒုက္ခသည်စခန်းတွင် နေထိုင်ကြသူများမှာ ကျန်းမာရေးအသိပညာနည်းပါး၍ မလိုလားအပ်ဘဲ ကိုယ်ဝန်ရရှိခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်းများကို တွေ့နေရသည်ဟု စစ်တွေမြို့နယ်၊ သက္ကယ်ပြင် မွတ်ဆလင်ဒုက္ခသည်စခန်းနေ အမျိုးသမီးတစ်ဦးက ပြောသည်။
သက္ကယ်ပြင်စခန်းနေ ဒေါ်အနုဝါရရ်က “ကိုယ်ဝန်ဖျက်ချတဲ့ သူတွေလည်းရှိတယ်။ အရင်လက တစ်ယောက်တောင် ဖြစ်သွားပါသေးတယ်။ ကိုယ်ဝန်ဖျက်ချလိုက်ရင် နောက်ဆက်တွဲ ဘာတွေကြုံရမလဲဆိုတာ သူတို့မသိကြဘူး။ အဓိကတော့ အမျိုးသမီးကျန်းမာရေးနဲ့ပတ်သက်ပြီး ဗဟုသုတအားနည်းတာပါ” ဟု ပြောသည်။
ကိုယ်ဝန်ဖျက်ချသည့် အမျိုးသမီးများ၏ နောက်ဆက်တွဲ ကျန်းမာရေးအခြေနေများမှာ သွေးခဲများ ဖြစ်ပေါ်ခြင်း၊ သွေးထွက်လွန်ခြင်း၊ ရောဂါပိုးဝင်နိုင်ခြင်း၊ သားအိမ်ကင်ဆာများဖြစ်နိုင်ခြင်း၊ သားအိမ်ပြင်ပ၌ သန္ဓတည်ခြင်းနှင့် ရုတ်တရက်နှလုံးရပ်ပြီး အသက်သေဆုံးနိုင်ကြောင်း ကျန်းမာရေးအသိပညာပေးစာစောင်များတွင် ဖော်ထားသည်။
IDPs စခန်းများတွင် သောက်သုံးရေမသန့်ရှင်းခြင်း၊ နေရာထိုင်ခင်းကျဉ်းကျပ်ခြင်း၊ အဝတ်အထည်များ အထူးသဖြင့် အတွင်းခံအဝတ်များကို ခြောက်သွေ့အောင် နေမလှမ်းနိုင်ဘဲ ဝတ်ဆင်ရခြင်း စသည့် တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်းကြောင့် အမျိုးသမီးကျန်းမာရေး နောက်ဆက်တွဲ ပြဿနာများနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။
ရသေ့တောင်မြို့နယ် စေတီပြင်စစ်ဘေးရှောင်စခန်းမှ ဒေါ်မရွှေဝင်းက “အိမ်မှုကိစ္စကို အမျိုးသမီးတွေက အဓိကလုပ်ဆောင်တာဖြစ်တဲ့အတွက် ကျမတို့အမျိုးသမီးတွေ ကျန်းမာရေးကောင်းနေဖို့ အရေးကြီးပါတယ်။ ဒါကြောင့် အမျိုးသမီးနဲ့သက်ဆိုင်တဲ့ ကျန်းမာရေးအသိပညာပေးမှု လုပ်ဆောင်နေတဲ့ အဖွဲ့တွေအနေနဲ့လည်း အခုထက်အများကြီး ပေးစေချင်ပါတယ်” ဟု ဆိုသည်။
မျိုးဆက်ပွားကျန်းမာရေးသည် အရွယ်ရောက်ပြီး ဆယ်ကျော်သက်လူငယ်များ အိမ်ထောင်သည်များအပါအဝင် လူတိုင်းသိထားသင့်သည့် ကျန်းမာရေးကိစ္စဖြစ်သည်။ ထို့ကြောင့် ဒုက္ခသည်စခန်းများအတွင်း အဖွဲ့အစည်းများက ကျန်းမာရေးအသိပညာပေးမှုများ လာလုပ်လျှင်လည်း ပူးပေါင်းပါဝင်ရန်နှင့် ပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ကြရန် လူမှုကူညီရေးသမားများက တိုက်တွန်းကြသည်။
ရခိုင်ပြည် စစ်တွေ၊ မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူ စသည့်မြို့နယ်များတွင် မွတ်ဆလင် ဒုက္ခသည် ၁၅၃,၀၀၀ ရှိကြောင်း ကမ္ဘာ့ကုလသမဂ္ဂ- မြန်မာ၏ ၂၀၂၂ ခုနှစ် စက်တင်ဘာလစာရင်းတွင် ဖော်ပြသည်။ လက်ရှိတွင်လည်း စစ်ရေးပဋိပက္ခကြောင့် ရခိုင်နှင့် ပလက်ဝဒေသတို့တွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ဦးရေ ၅၈,၀၀၀ ကျော် ရှိနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
#R010