- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
- ပါကစ္စတန်မှာ လက်နက်ကိုင်များ ရထားတစ်စင်းလုံးကို ပြန်ပေးဆွဲပြီး ခရီးသည်များကို ဓားစာခံဖမ်းဆီး
- ကျောက်ဖြူစီမံကိန်းအား ၂ လအတွင်း အကောင်ထည်ဖော်နိုင်ရန် ဒုစစ်ခေါင်းဆောင် ညွှန်ကြား
- တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသည့် တောင်ကုတ်မြို့ခံ ၁,၀၀၀ ခန့် အခက်အခဲကြုံနေ
- အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား
သံတွဲဒေသခံ ၄ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်စီ အမိန့်ချ
သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေး ကိုဝင်းမောင်မောင်ဖြိုးအပါအဝင် ဦးစိန်သောင်း၊ ဦးဝင်းမောင်နှင့် ဦးခင်မောင်အေး တို့ကို သံတွဲမြို့နယ်တရားရုံးက ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်ခြင်းဖြစ်သည်။
30 Nov 2023

DMG ၊ နိုဝင်ဘာ ၃၀
ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်သွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ဉပဒေပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲခံထားရသော ရခိုင်ပြည်၊ သံတွဲမြို့နယ်မှ ဒေသခံ ၄ ဦးကို နိုဝင်ဘာ ၂၉ ရက်တွင် ထောင်ဒဏ် ၃ နှစ်စီ အမိန့်ချမှတ်လိုက်သည်။
သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေး ကိုဝင်းမောင်မောင်ဖြိုးအပါအဝင် ဦးစိန်သောင်း၊ ဦးဝင်းမောင်နှင့် ဦးခင်မောင်အေး တို့ကို သံတွဲမြို့နယ်တရားရုံးက ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်ခြင်းဖြစ်သည်။
“မနေ့က ရုံးချိန်းတာလည်း မရှိဘူး။ သူတို့ ရုံးချက်ချင်းတင်ပြီးတော့ ထောင်ချလိုက်တာ။ ကျမတို့ကို ရှေ့နေတစ်ယောက်ပြောလို့ သွားကြည့်မှ သိရတာ” ဟု ကိုဝင်းမောင်မောင်ဖြိုး၏ မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောသည်။
ထွေအုပ်ဝန်ထမ်း ကိုဝင်းမောင်မောင်ဖြိုးမှာ ပုဒ်မ ၁၇(၁)နှင့် နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က) တို့ဖြင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၇ ရက်က တရားစွဲဆိုခံခဲ့ရသည်။ ယင်းအထဲ ၅၀၅ (က) အမှုနှင့်ပတ်သက်၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့က ထောင်ဒဏ် ၂ နှစ်ချတ်မှတ်ခံခဲ့ရပြီး ယခုတစ်ကြိမ် ပုဒ်မ ၁၇ (၁) ဖြင့်လည်း ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရခြင်းဖြစ်သည်။
ကိုဝင်းမောင်မောင်ဖြိုးအပါအဝင် သံတွဲမြို့ခံ ၄ ဦးမှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဖမ်းဆီးခံခဲ့ရပြီးနောက် AA နှင့် ဆက်သွယ်သည်ဟုဆိုကာ သံတွဲအခြေစိုက် စစ်ကောင်စီ ၅၅ ခြေလျင်တပ်ရင်းမှ အရာရှိတစ်ဦးက တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့သည်။
၎င်းတို့မှာ AA နှင့် တစ်စုံတစ်ရာ ပတ်သက်ဆက်နွယ်မှု မရှိသဖြင့် ပြန်လွတ်လာမည်ဟု မိသားစုဝင်များက မျှော်မှန်းခဲ့ကြသည်။
“ကျမတို့က ပြန်လွတ်လာမယ်လို့ ထင်တာ။ အခုလို့ ထောင်ချလိုက်တော့ စိတ်မကောင်းဖြစ်ရတာပေါ့။ မိသားစုတွေအနေနဲ့ စိတ်မကောင်းဖြစ်ရုံကလွဲလို့ ဘယ်တတ်နိုင်မှာလဲ” ဟု ဦးစိန်သောင်း၏ မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်ကလည်း AA နှင့် ဆက်နွယ်သည်ဟုဆိုကာ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲခံထားရသည့် ကျောက်ဖြူဒေသခံ ၈ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်စီ အမိန့်ချမှတ်ခဲ့သည်။
DMG စာရင်းအရ - ရခိုင်ပြည်အနှံ့က တရားရုံးအသီးသီးတွင် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ-၁၇(၁)(၂)၊ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၅၀၅(က) တို့ဖြင့် တရားရင်ဆိုင်နေရသူ ၁၂၀ ကျော်ခန့် ရှိနေသည်။
#D002 #DMG