ရခိုင်ဒေသတွင် စားဝတ်နေရေးကျပ်တည်းမှုကြောင့် တောင်းရမ်းစားသောက်သူ များလာ 

ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း စသည့်မြို့နယ်များတွင် တောင်းရမ်းစားသောက်သူများ တိုးလာနေပြီး ယင်းအထဲ ပုဏ္ဏားကျွန်းမြို့နယ်တွင် အများဆုံးဖြစ်သည်။ တောင်းရမ်းသူအများစုမှာ စစ်ဘေးရှောင်များ ဖြစ်သည်။

By Admin 07 Oct 2024

ကျောက်တော်မြို့အတွင်း လှည့်လှည်တောင်းရမ်းနေသည့် စစ်ရှောင်မိသားစုတစ်ခုအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း တွေ့ရစဉ်။
ကျောက်တော်မြို့အတွင်း လှည့်လှည်တောင်းရမ်းနေသည့် စစ်ရှောင်မိသားစုတစ်ခုအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၇

စစ်ရေးပဋိပက္ခနှင့်အတူ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားသော ရခိုင်ဒေသတွင် အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှု တို့ကြောင့် လမ်းပေါ်ထွက် တောင်းရမ်းစားသောက်သူ များပြားလာနေသည်ကို DMG ၏ ကွင်းဆင်းလေ့လာချက်အရ သိရသည်။ 

ကလေးငယ်၊ သက်ကြီးပိုင်း၊ ကလေးမိခင်တို့ကို အများအားဖြင့်တွေ့ရပြီး လူစည်ကားရာ ဈေး၊ ကားဂိတ်၊ မြို့ပေါ်ရပ်ကွက်များနှင့် ရွာစဉ်အလိုက် လှည့်လှည်တောင်းရမ်းလျက်ရှိသည်။ 

“ဒီကာလမှာ လူတွေအကုန်လုံး အလုပ်လက်မဲ့ ဖြစ်သွားကြတယ်။ အကျိုးဆက်အဖြစ် သက်ကြီးပိုင်းတွေအပြင် ကလေးအပါအဝင် မိသားစုအလိုက် တောင်းရမ်းတာတွေကို မြင်လာရတယ်” ဟု ကျောက်တော်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း စသည့်မြို့နယ်များတွင် တောင်းရမ်းစားသောက်သူများ တိုးလာနေပြီး ယင်းအထဲ ပုဏ္ဏားကျွန်းမြို့နယ်တွင် အများဆုံးဖြစ်သည်။ တောင်းရမ်းသူအများစုမှာ စစ်ဘေးရှောင်များ ဖြစ်သည်။ 

အကူညီအထောက်ပံ့နည်းပါးမှု၊ အလုပ်အကိုင်ရှားပါးမှုကြား ကုန်ဈေးနှုန်းကလည်း ၁၀ ဆခန့်မြင့်တက်နေ၍ စစ်ဘေးရှောင်များအတွက် တစ်နေ့တာစားဝတ်နေရေး ပြေလည်ရန်မှာ စိန်ခေါ်မှုများစွာ ရှိနေသည်။ ထို့ကြောင့် ကြံရာမရသည့်အဆုံး လမ်းပေါ်ထွက်တောင်းရသည့် အခြေအနေသို့ ရောက်ရှိလာခြင်းဟု ပြောဆိုကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ကြံခင်းစစ်ဘေးရှောင်စခန်းမှ ဒေါ်မဆန်းအေးက “မုန့်လုပ်၊ ထင်းခုတ် အလုပ်တွေ လုပ်မယ်ဆိုရင်လည်း အဲဒီအလုပ်ကို လုပ်ကိုင်သူကများတော့ စစ်ဘေးရှောင်တွေမှာ အဆင်မပြေဘူး။ တခြားအလုပ်ကလည်းမရှိ။ ဘယ်လိုပဲဖြစ်ဖြစ် ထောက်ပံ့မှုလေးတွေကိုပဲ ချွေတာစားသောက်မယ်ဆိုရင်လည်း အကူအညီကမရ။ ဒါကြောင့် တောင်းရမ်းစားသောက်လာကြတာ” ဟု ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ဘေးရှောင် ၆ သောင်းနီးပါးရှိပြီး စားဝတ်နေရေးကျပ်တည်းမှုကြောင့် စစ်ဘေးရှောင် ၃၀ ရာခိုင်နှုန်းခန့်မှာ တောင်းရမ်းစားသောက်နေကြကြောင်း ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံး(PYA)မှ သိရသည်။ 

“အခုဆိုရင် ဒေသတွင်းမှာ တောင်းရမ်းစားသောက်သူတွေ များလာလို့ ပလက်ဝအထိ သွားရောက် အလှူခံ စားသောက်ကြတာတွေတောင် ရှိနေတယ်” ဟု PYA ဥက္ကဌ ကိုပြည့်ဖြိုးနိုင်က ပြောသည်။ 

၂၀၂၃ တကျော့ပြန်တိုက်ပွဲ စတင်ချိန်မှစ၍ စစ်ကောင်စီက ရခိုင်ဒေသကို လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ဒေသခံများ၏ နေ့စဉ်လူမှုဘဝ ရပ်တည်ရေးမှာ အကျပ်အတည်းများစွာ ဖြစ်ပေါ်နေရသည်။