စစ်ကောင်စီ လက်နက်ကြီးကြောင့် သံတွဲတွင် ကမန် ၉ ဦးနှင့် ရခိုင် ၁ ဦး သေဆုံး

ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် စစ်ကောင်စီ၏  လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ကမန်တိုင်းရင်းသား ၉ ဦးနှင့် ရခိုင် ၁ ဦး စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

By Admin 15 May 2024

စစ်ကောင်စီတပ်က လက်နက်ကြီး လေ့ကျင့်ပစ်ခတ်နေစဉ်။ (ဓာတ်ပုံ - CNICDS)
စစ်ကောင်စီတပ်က လက်နက်ကြီး လေ့ကျင့်ပစ်ခတ်နေစဉ်။ (ဓာတ်ပုံ - CNICDS)

DMG ၊ မေ ၁၅ 

ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် စစ်ကောင်စီ၏  လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ကမန်တိုင်းရင်းသား ၉ ဦးနှင့် ရခိုင် ၁ ဦး စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

သံတွဲမြို့ဝင်ဝတွင်ရှိသည့် ဘားဒေါင်းတောင်၊ သူခိုးစမ်းတောင်ကြော၊ သပြုချိုင် ရေတပ်စခန်းတို့က မေလ ၁၄ ရက် ညအချိန် ပစ်ခတ်သည့် လက်နက်ကြီးကျည်နှင့် အတွဲလိုက်ဒုံးများမှာ လင်းသီကျေးရွာအတွင်းသို့ ကျရောက်ခဲ့သဖြင့် သေဆုံးသွားခြင်းဖြစ်သည်။

ဒေသခံတစ်ဦးက “မနေ့က ညနေ ၇ နာရီနဲ့ ၈ နာရီကြားလောက်မှာ လင်းသီကျေးရွာအထဲကို စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ အတွဲလိုက်ဒုံးတွေ ပစ်လိုက်တာကြောင့် အရပ်သား ၈ ဦးဟာ နေရာမှာတင် ဆုံးသွားပြီး နောက် ၂ ဦးကလည်း (သံတွဲ)ဆေးရုံသွားတဲ့မှာ ဆုံးသွားတယ်။ သေဆုံးသူအများစုကတော့ အမျိုးသမီးတွေဖြစ်တယ်။ နောက်ထပ်အရပ်သားတွေလည်း ထိခိုက်ဒဏ်ရာရရှိမှုတွေရှိတယ်” ဟု ပြောသည်။

သေဆုံးသွားသူများမှာ ဒေါ်မယ်လီယာ (၈၀)နှစ်၊ ဦးတင်ညွှန့် (၅၈)နှစ်၊ ဦးသူငယ်ကြီး (၅၀)နှစ်၊ မနှင်းအေးမွန် (၂၆)နှစ်၊ မနှင်းမြတ်မွန်(၂၄)နှစ်၊ ဒေါ်လူးမ(အသက်စုံစမ်းဆဲ)၊ ဒေါ်သန်းမြင့်(၇၀)နှစ်၊ ဒေါ်ခင်မေလင်းနှင့် နောက်ထပ် အမျိုးသမီးနှစ်ဦး(အမည်စုံစမ်းဆဲ)တို့ ဖြစ်သည်။

ယမန်နေ့က လင်းသီကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ စစ်ကောင်စီက ကျေးရွာအတွင်းကိုရည်ရွယ်ပြီး ပစ်ခတ်ခဲ့သဖြင့် အစုလိုက်အပြုံလိုက် သေဆုံခဲ့ခြင်းဟု ဒေသခံများက ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း အဆင်မပြေခဲ့ပေ။

ရခိုင်စစ်ပွဲအတွင်း စစ်ကောင်စီသည် AA ထက် အရပ်သားများကို ပစ်ခတ်ထားတိုက်ခိုက်နေကြောင်း ရခိုင်က လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

“မနေ့ကဆိုရင် သံတွဲဖက်မှာ လက်နက်ကြီးနဲ့ အတွဲလိုက်ဒုံးတွေ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားတွေ အစုလိုက် အပြုံလိုက် သေဆုံးသွားတယ်လို့ သိရတယ်။ စစ်ကောင်စီက တိုက်ပွဲအတွင်းမှာ နှစ်ဖက်တပ်တွေအချင်းချင်း တိုက်ခိုက်တာထက် အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ ဒီတစ်နေရာတည်း မဟုတ်ဘူး။ တစ်နိုင်ငံလုံးမှာ ဒီလိုစစ်ရာဇဝတ်မှုတွေကို ကျူးလွန်မြဲကျူးလွန်ဆဲဖြစ်တယ်။ ဒီလုပ်ရပ်တွေကို နိုင်ငံတကာက ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ လိုအပ်နေပြီ” ဟု သူက ပြောသည်။

လက်ရှိတွင် သံတွဲမြို့နယ် ရွှေလှေကျေးရွာအနီးမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဖက်က လေကြောင်း တိုက်ခိုက်မှုများအပြင် လက်နက်ကြီးပစ်ကူများဖြင့် ရမ်းသန်ပစ်ခတ်နေကြောင်း သိရသည်။ 

“ရွှေလှေတံတားအနီးမှာ ဒီနေ့မနက်ပိုင်း ၃ နာရီလောက်ကစပြီး နှစ်ဖက်တိုက်ပွဲဖြစ်နေကြတယ်။ စစ်ကောင်စီဖက်ကလည်း လေကြောင်းကနေလာပြီးတော့ ရွှေလှေတံတားအနီးကို ပစ်ခတ်တာ၊ အဝေးက လက်နက်ကြီးပစ်တာတွေရှိတယ်။ လင်းသီမှာလည်း မနေ့က အစုလိုက်အပြုံလိုက် သေသွားကြတော့ ဒေသခံတွေ စိုးရိမ်မှုမြင့်တက်နေကြတယ်” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

သံတွဲမြို့နယ်အတွင်းမှာ ဧပြီ ၁၃ ရက်မှစ၍ စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ကြား တိုက်ပွဲစတင်ခဲ့ပြီး ယနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကာ မြို့နှင့် ၁၀ မိုင်ခန့် အကွာထိ နီးစပ်လာနေပြီဖြစ်သည်။

တိုက်ပွဲပြင်းထန်လာပြီးနောက် စစ်ကောင်စီက အရပ်သားကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်လာသဖြင့် သံတွဲဒေသတွင် စစ်ကောင်၏ ပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးသူ ၁၂ ဦးထိရှိလာသည်။