ဘူသီးတောင်မြို့သိမ်းတိုက်ပွဲနှင့် ဂယက်ထရိုက်စေသည့် မွတ်ဆလင်အရေး

မွတ်ဆလင်ဦးရေ အများအပြားရှိသော ဘူးသီးတောင်မြို့ကို မေလ ၁၈ ရက်နေ့တွင် သိမ်းပိုက်ရရှိပြီးနောက်တွင် AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ရခိုင်ဒေသတွင် လူမျိုးဘာသာမခွဲခြားဘဲ အားလုံးကို အကာကွယ်ပေးသွားမည်” ဟု သူ့၏လူမှုကွန်ယက် X တွင် တင်ထားသည်။ 

By Admin 20 May 2024

AA ထိန်းချုပ်နယ်မြေသို့ ခိုလှုံလာကြသော ဘူးသီးတောင်မြို့နယ်မှ မွတ်ဆလင်များ။
AA ထိန်းချုပ်နယ်မြေသို့ ခိုလှုံလာကြသော ဘူးသီးတောင်မြို့နယ်မှ မွတ်ဆလင်များ။

DMG ၊ မေ ၂၀

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင်စတင်သည့် ရခိုင်ဒေသတိုက်ပွဲများမှာ ၆ လကျော်ကြာမြင့်လာပြီး အာရက္ခတပ်တော်(AA)က ရမ်းဗြဲ၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် ပလက်ဝမြို့နယ်တို့ကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။ 

မွတ်ဆလင်ဦးရေ အများအပြားရှိသော ဘူးသီးတောင်မြို့ကို မေလ ၁၈ ရက်နေ့တွင် သိမ်းပိုက်ရရှိပြီးနောက်တွင် AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ရခိုင်ဒေသတွင် လူမျိုးဘာသာမခွဲခြားဘဲ အားလုံးကို အကာကွယ်ပေးသွားမည်” ဟု သူ့၏လူမှုကွန်ယက် X တွင် တင်ထားသည်။ 

“ကျနော်တို့ AA သည် အာရက္ခပြည်ရှိ မည်သည့် ပြည်သူတစ်ဦးတစ်ယောက်ကိုမဆို ဘာသာရေးနှင့် မျိုးနွယ်စုတို့ကို အခြေမခံဘဲ ကာကွယ်စောင့်ရှောက်သွားရန် ကတိပြုပါသည်။ ဒီစိန်ခေါ်မှုကာလအတွင်း အထင်မြင်လွဲမှားစေသော အရာများကို မပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။

(Twan Mrat Naing' X post - Kindly urge to not buy any distorted and misleading craps during this challenging time. Our dedicated Arrakkha soldiers are committed to protecting and serving everyone, regardless of their religious or ethnic background.) 

ဘူးသီးတောင်တိုက်ပွဲသည် အခြားမြို့နယ်များနှင့်မတူဘဲ မွတ်ဆလင်အရေးကိစ္စရှိနေသဖြင့် ယင်းသို့ ထုတ်ပြောလာခြင်း ဖြစ်သည်။

ပြည်ပနေ မွတ်ဆလင်အရေးလှုပ်ရှားသူများက - ဘူးသီးတောင်မြို့ကို AA သိမ်းပိုက်လိုက်သည့် မေ ၁၈ ရက်တွင် AA တပ်ဖွဲ့ဝင်များသည် မြို့တွင်းမွတ်ဆလင်နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး မွတ်ဆလင်များအား မြို့မှနှင်ထုတ်ကြောင်း ပြောဆိုနေကြသည်။ 

ယင်းကိစ္စနှင့်ပတ်သက်ပြီး AA ပြောခွင့်ရသူ ဦးခိုင်သုခက “ဘူးသီးတောင်မှာ ထွက်ပြေးနေတဲ့ စစ်ကောင်စီနဲ့ သူတို့နဲ့ပူးပေါင်းမွတ်ဆလင်တွေဟာ လက်နက်အပြည့်စုံနဲ့ ရှိနေဆဲဖြစ်တာကြောင့် ခဏရှောင်နေပေးဖို့ ပြောတာရှိတယ်။ ဘူးသီးတောင်မြို့ မီးလောင်တဲ့ကိစ္စဟာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့ မွတ်ဆလင်တွေက လုပ်ကြံပြီးတော့ AA ကို အထင်မြင်လွဲအောင်လုပ်တာ” ဟု BBC သတင်းဌာနကို ဖြေဆိုထားသည်။

ယခုကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း အဆင်မပြေခဲ့ပေ။ 

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေသူ ဘူးသီးတောင်မြို့ခံတစ်ဦးက “ဘူးသီးတောင်ဒေသမှာ မြေပြင်က မွတ်ဆလင်တွေကို အကြောင်းပြုပြီး အဝေးရောက်သူတစ်ချို့က နိုင်ငံရေးလုပ်စားကြတာ။ ဒီလိုမပြောရင်ပြန်လည်း သူတို့က အလုပ်မရှိဘူးလေ။ မွတ်ဆလင်အရေးက ကမ္ဘာမှာအာရုံစိုက်များတော့ အချိန်ကိုက်လုပ်တာပေါ့လေ။ မြေပြင်ဒေသခံတစ်ချို့ကလည်း အလိုတူအလိုပါ မြေပြင်အခြေအနေကို ရှုပ်ထွေးအောင် လုပ်နေကြတယ်” ဟု ပြောသည်။ 

“ဘူးသီတောင်မှာ တိုက်ပွဲဖြစ်တုန်းက မီးရှို့ခံရတာ ရခိုင်အိမ်တွေလည်း ထောင်ချီ အများကြီးရှိခဲ့တယ်။ အဲဒီတုန်းက အသံမထွက်ကြဘူး။ အခု AA သိမ်းပြီးတဲ့နောက်မှ အသံထွက်လာတာက မွတ်ဆလင်တွေကို နိုင်ငံရေးအရ နောက်ကွယ်က ကြိုးကိုင်နေတဲ့သူတွေကို မြင်ရတယ် ” ဟု သူက ထပ်ပြောသည်။ 

လက်ရှိတွင် ဘူးသီးတောင်တပ်ရင်းများမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများနှင့် စစ်သင်တန်းဆင်း မွတ်ဆလင်များအား AA က လိုက်လံတိုက်ခိုက်နေပြီး အခြေအနေရှုပ်ထွေးနေသေးကြောင်း ဒေသခံများကဆိုသည်။ ထို့ကြောင့် ဘူးတောင်မြို့ရှိ နေအိမ်မီးရှို့ဖျက်ဆီးခံရမှု၊ ဒေသခံသေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုအရေအတွက်ကို သိရရှိခက်ခဲနေကြောင်း ပြောကြသည်။  

ဘူးသီးတောင်အခြေစိုက် ခမရ(၃၅၃)တပ်ရင်းကို AA သိမ်းပိုက်ရှင်းလင်းစဉ် စစ်ကောင်စီက သုံးရက်ကြာ အစာရေစာမကျွေးဘဲ ဖမ်းဆီးပိတ်လှောင်ထားသည့် ခရုချောင်းမွတ်ဆလင်ရွာမှ  ကလေးငယ်အပါဝင် မွတ်ဆလင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃၅ ယောက်ကို ကယ်ထုတ်နိုင်ခဲ့သည်။

တိုက်ပွဲပြင်းထန်နေသော ဘူးသီးတောင်မြို့နယ်မှ မွတ်ဆလင် ၇,၀၀၀ ကျော်သည် AA ထိန်းချုပ်နယ်မြေထဲသို့ ဝင်ရောက်ခိုလှုံလာကြောင်း ULA/AA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ပေးရေးရုံး (HDCO) က မေလ ၁၃ ရက်တွင်  ထုတ်ပြန်သည်။

အဆိုပါ မွတ်ဆလင်များမှာ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ထွက်ပြေးလာသော ကကျဘတ်၊ ကကျဘတ် ကံပြင်၊ မြောင်းနား၊ အလယ်ချောင်း၊ ဘဂုံးနား၊ လက်သာ စသည့် ကျေးရွာများမှဖြစ်ပြီး ပြီးခဲ့သည့် မေလ ၈ ရက်တွင် ထွက်ပြေးခိုလှုံလာခြင်းဖြစ်ကြောင်း သိရသည်။