- တရုတ် မိတ်ဖက် Airbus ကုမ္ပဏီသည် စစ်ကောင်စီ စစ်ရာဇဝတ်မှုတွင် ပါဝင်နေဟု အဖွဲ့အစည်းများပြော
- စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးများ ပြည်ပထွက်ခွာမှု မြင့်တက်လာ
- ဆက်သွယ်ရေးလိုင်း ပြတ်တောက်နေမှုကြောင့် ရခိုင်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများ လုပ်ငန်းထိခိုက်
- ဒီမိုကရေစီမျှော်လင့်ချက် မှေးမှိန်လာပြီး ခေါင်းဆောင်မှု လိုအပ်နေသည့် မြန်မာ့အရေး
- ပေါက်တောတွင် ရေထွက်ကုန်များကို ကုန်ချောအဖြစ် ထုတ်လုပ်နေ
ရခိုင်က ဂျင်းခရုများကို ထိုင်းနိုင်ငံသို့ တင်ပို့ရသဖြင့် ဒေသခံများအဆင်ပြေ
ပြီးခဲ့သည့်နှစ်က ဂျင်းခရု ၁ ကီလိုကို ကျပ် ၄,၀၀၀ ရှိခဲ့ရာမှ လက်ရှိတွင် ကျပ် ၇,၀၀၀ ကျော်အထိ ပေါက်ဈေးရှိနေသည်။
06 May 2023
![ရခိုင်က ဂျင်းခရုများကို ထိုင်းနိုင်ငံသို့ တင်ပို့ရသဖြင့် ဒေသခံများအဆင်ပြေ](https://assets.dmediag.com/2023/May/JCY1.jpg)
DMG ၊ မေ ၆
ရခိုင်ပြည်တွင် တပိုင်တနိုင် မွေးမြူထားသည့် ဂျင်းခရု ဒေသအခေါ် ဂုံးစောက်များကို ထိုင်းနိုင်ငံသို့ တင်ပို့နေရသဖြင့် ဈေးကောင်းရနေပြီး ဂျင်းခရုမွေးမြူရေးလုပ်ကိုင်သူများ အဆင်ပြေနေကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်က ဂျင်းခရု ၁ ကီလိုကို ကျပ် ၄,၀၀၀ ရှိခဲ့ရာမှ လက်ရှိတွင် ကျပ် ၇,၀၀၀ ကျော်အထိ ပေါက်ဈေးရှိနေကြောင်း ဂျင်းခရုရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူများက DMG သို့ ပြောသည်။
“ကျနော်တို့က ထိုင်းကို တိုက်ရိုက်တင်ပို့တာပါ။ အရင်ကဆိုရင် တစ်ကီလို ၄,၀၀၀ ကျပ်နဲ့ရောင်းတယ်။ အခုဆိုရင် ၇,၀၀၀ ကျပ်ရတယ်။ အဓိက Seafood (ပင်လယ်စာ) ဆိုင်တွေကိုပေါ့။ ဒီဟာက ထိုင်းမှာ အဓိက အစားအစာဖြစ်နေတယ်။ ဝယ်လိုအားလည်းကောင်းတယ်” ဟု မြေပုံမြို့မှ ဂျင်းခရုရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးကျော်လှမောင်က ပြောသည်။
မြေပုံမြို့နယ်တွင် ဂျင်းခရုများကို တောင်ညို၊ လောင်းဒရိုင်း၊ ကိုရန်ပြင်၊ ငွေတွင်းတူး၊ ဖလူးဘွေ၊ ငပသုန်၊ ကုက္ကို စသည့် ကျေးရွာပေါင်း ၃၀ ခန့်တွင် မွေးမြူကြသည်။
![](https://assets.dmediag.com/2023/May/JCY.jpg)
ဂျင်းခရုမြွေးမြူခြင်းကို မြေပုံ၊ ပေါက်တော၊ တောင်ကုတ် စသည့်မြို့နယ်များတွင် အများအားဖြင့် လုပ်ကိုင်ကြပြီး ကျောက်ဖြူ၊ သံတွဲ မြို့နယ်များတွင်လည်း အနည်းငယ်လုပ်ကိုင်ကြသည်။ သဘာဝမြစ်ချောင်းများမှ ကောက်ယူရရှိသည့် ဂျင်းခရု သားပေါက်များကို ခြံခတ်မွေးမြူခြင်းလည်း ဖြစ်သည်။ အချိန် ၁၀ လကြာ မွေးမြူပြီးနောက် ရေသန့်ဗူးခွံအဝထက်ကြီးသော ဂျင်းခရု အရွယ်အစားများကို ထိုင်းနိုင်သို့တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
“ဒီထက်တိုးချဲ့ပြီး လုပ်ဆောင်ဖို့ဆိုရင်တော့ ငွေလိုအပ်တယ်။ ငွေသာရှိရင် အကောင်ငယ်လေးတွေဝယ်ပြီး ခြံထဲထည့်ပြီး မွေးမြူရင်ရတယ်။ ပြီးရင် ခြံစောင့်ငှားဖို့အတွက်လည်း ငွေလိုတယ်ပေါ့။ ဂျင်းခရုတွေ မွေးမြူဖို့ မြေနေရာတော့ လိုတယ်။ သူတို့ကို အပူမှာ လုံးဝထားလို့မရဘူး။ ထားရင် ပါးစပ်ဟပြီး သေသွားကြတယ်” ဟု တောင်ကုတ်မြို့နယ်၊ ရွာမမြို့မှ ဂျင်းခရုမွေးမြူသူ ဒေါ်ရွှေခဲက ပြောသည်။
ဂျင်းခရုမှာ အပူဒဏ်ကို မခံနိုင်သဖြင့် နွေရာသီတွင် သေဆုံးမှုများရှိနေပြီး မိုးရာသီ ဒီရေတက်လျှင်လည်း သေဆုံးတတ်သောကြောင့် ဂရုတစိုက် မွေးမြူရကြောင်း သိရသည်။
ဂျင်းခရုများမှာ အရောင်းအဝယ်ကောင်းပြီး ဈေးကောင်းရနေသော်လည်း လတ်တလော အပူချိန်ပြင်းထန်မှုကြောင့် နိုင်ငံခြားသို့တင်ပို့မှုကို ယာယီရပ်နားထားရကြောင်း မြေပုံမြို့နယ်၊ ကိုရံပြင်ကျေးရွာမှ ကိုကျော်လေးဝင်းက ပြောသည်။
“အခု အပူချိန်ပြင်းတာကြောင့် အရောင်းအဝယ် ရပ်နားထားရတယ်၊ အလုပ်လုပ်လို့မရဘူး။ အထက်(နိုင်ငံခြား)ကို တင်ပို့တဲ့အခါ သေတယ်၊ နာသွားတယ်။ အထက်က အရောင်းအဝယ်ရှိပေမယ့် အပူပြင်းတာကြောင့် တင်ပို့လို့မရဘူး” ဟု ၎င်းက ပြောသည်။
ဂျင်းခရုကို စားသုံးခြင်းအားဖြင့် အမျိုးသားများအားတိုးစေသည်ဟု မှတ်ယူကာ ထိုင်းနှင့် နိုင်ငံတချို့မှာ စားသုံးမှုများလာခြင်း ဖြစ်သည်။
ဂျင်းခရုသည် အသည်းနှင့် ကျောက်ကပ်ကို အားပေးပြီး ကိုလက်စထရောများနေသူများ၊ ဂလင်းရောင်နေသူများ၊ လေပြွန်ရောင်နေသူများ၊ အစာအိမ်ရောဂါအခံရှိသူများ၊ သွေးတွင်းအဆီများနေသူများ စားသုံးသင့်သော အစားအစာတစ်မျိုးအဖြစ် ပညာရှင်များက ရေးသးထားကြသည်။
#I001