- ဆက်သွယ်ရေးလိုင်း ပြတ်တောက်နေမှုကြောင့် ရခိုင်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများ လုပ်ငန်းထိခိုက်
- ဒီမိုကရေစီမျှော်လင့်ချက် မှေးမှိန်လာပြီး ခေါင်းဆောင်မှု လိုအပ်နေသည့် မြန်မာ့အရေး
- ပေါက်တောတွင် ရေထွက်ကုန်များကို ကုန်ချောအဖြစ် ထုတ်လုပ်နေ
- ဆွီဒင်နိုင်ငံရှိ ပညာရေးစင်တာ တစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားပြီး ၁၀ ဦးထက်မနည်း သေဆုံး
- ရခိုင်တွင် မီးလောင်မှုဖြစ်စဉ်များ ဆက်တိုက်ရှိလာ၍ မီးဘေးအန္တရာယ် သတိပြုရန်လိုအပ်
ပေါက်တောတွင် ရေထွက်ကုန်များကို ကုန်ချောအဖြစ် ထုတ်လုပ်နေ
ရခိုင်ပြည်၊ ပေါက်တောမြို့နယ်မှ ထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများဖြစ်သော ငါး၊ ပုစွန်စသည်တို့ကို အခြေခံစားသောက်ကုန် (ကုန်ချော)အဖြစ် ထုတ်လုပ်နေကြောင်း သိရသည်။
01 Feb 2025
DMG ၊ ဖေဖော်ဝါရီ ၁
ရခိုင်ပြည်၊ ပေါက်တောမြို့နယ်မှ ထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများဖြစ်သော ငါး၊ ပုစွန်စသည်တို့ကို အခြေခံစားသောက်ကုန် (ကုန်ချော)အဖြစ် ထုတ်လုပ်နေကြောင်း သိရသည်။
ငါးသရဲခြောက်ကြော်၊ ငါးနီတူကြော်၊ ရွှေပုစွန်ငပိကြော်နှင့် ရွှေပုစွန်မန်ကျည်းသီးကြော် စသဖြင့် စားကုန် ၄ မျိုးအထိ ထုတ်လုပ်နေခြင်းဖြစ်ပြီး လက်ရှိ ပေါက်တော၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်တို့တွင် ဖြန့်ဝေလျက်ရှိသည်။
"ကိုယ့်ဒေသကထွက်တဲ့ပစ္စည်းနဲ့ ဒေသထုတ်ကုန်ထုတ်လို့ရတယ်ဆိုတဲ့ အသိကို ပေးချင်တာလည်းပါတယ်။ ဒီလိုထုတ်လုပ်နိုင်ရင် ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းလည်း ရှိလာမယ်။ ဒေသအတွက် ဝင်ငွေကောင်းလာပြီး စီးပွားရေးပြန်နာလန်ထူနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်ပါတယ်" ဟု နည်းပညာပံ့ပိုးပေးသည့်အဖွဲ့အစည်း၏ တာဝန်ရှိသူက ပြောသည်။
ယင်းအပြင် ကုန်ပစ္စည်းထုတ်လုပ်မှုမှ ရရှိလာသည့် အကျိုးအမြတ်များထဲမှ ၉၀ ရာခိုင်နှုန်းကို ဒေသခံများကို ခံစားခွင့်ပေးထားပြီး ကျန် ၁၀ ရာခိုင်နှုန်းကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်၍ပြောသည်။
ရေလုပ်ငန်းမှာ ရခိုင်ပြည်၏ အဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး ဒေသအတွင်းမှထွက်ရှိသော ရေထွက်ကုန်များကို ပြည်မနှင့်ပြည်ပသို့ တင်ပို့ကြသည်။
သို့သော် ဒေသတွင်းဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများနှင့်အတူ စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်ကာ ရေလုပ်ငန်းများမှာလည်း မလည်ပတ်နိုင်တော့ပေ။
ထို့ကြောင့် ရခိုင်ဒေသထွက်ကုန်များကို ကုန်ချောအဖြစ်ထုတ်လုပ်ပြီး ဒေသတွင်းထွက်ကုန်ဖြင့် ဝင်ငွေရရှိနိုင်ရန် နည်းပညာပေးရေးအဖွဲ့တစ်ခုမှ ယခုကဲ့သို့ နည်းပညာများပံ့ပို့ကာ ထုတ်ကုန်များ ဖန်တီးလာကြခြင်းဖြစ်သည်။
လက်ရှိ ပေါက်တောမြို့နယ်တွင် ဒေသခံများအား သတ်မှတ်စံနှုန်းများနှင့်အညီ ရွေးချယ်ကာ ကုန်ထုတ်လုပ်ပုံ၊ တပိုင်တနိုင်စီးပွားရေး စီမံခန့်ခွဲမှုများကို သင်တန်းပို့ချနေခြင်းဖြစ်ပြီး ထပ်ဆင့်အနေဖြင့် စီးပွားရေးကဏ္ဍ၌ အမျိုးသမီးပါဝင်မှု ပိုများလာစေရန်အတွက်လည်း အမျိုးသမီး စွမ်းရည်မြှင့်သင်တန်းများလည်း ပို့ချပေးနေကြောင်း သိရသည်။
ပေါက်တောဒေသခံ အမျိုးသားတစ်ဦးက "အခုလို ရေထွက်ပစ္စည်းတွေနဲ့ စားကုန်ခြောက်တွေလုပ်နေတာ တံငါသည်တွေအတွက် ကောင်းပါတယ်။ ဒါသာတကယ်အောင်မြင်ခဲ့ရင် ဈေးကွက်တစ်ခုအနေနဲ့ ရေထွက်ပစ္စည်းတွေ အရင်ကထက် ပိုပြီးရောင်းအားကောင်းလာမှာပေါ့" ဟု ပြောသည်။
ရခိုင်ပြည်အတွင်း အလုပ်အကိုင်ရှားပါးမှုနှင့်အတူ ကုန်ဈေးနှုန်းမြင့်တက်နေသည့်ကာလအတွင်း ထိုသို့ နည်းပညာပံ့ပို့မှုနှင့်အတူ လုပ်ငန်းများဖြစ်ထွန်းနေသဖြင့် ဒေသခံများမှာ အလုပ်အကိုင်အခွင့်အလမ်းတစ်ခု ရရှိနေကြသည်။
ပေါက်တောမြို့နယ်တွင် လက်ရှိလုပ်ကိုင်နေကြသည့် ကုန်ချောထုတ်လုပ်ငန်းမှာ အတိုင်းအတာတစ်ခုထိ အောင်မြင်နေသဖြင့် ရေလုပ်ငန်းကိုလုပ်ကိုင်ကြသည့် မြို့နယ်များတွင်လည်း နည်းပညာပံ့ပို့မှုများဆက်လုပ်ရန် ကြိုးပမ်းသင့်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။