Kpay အသုံးပြု၍ မရသဖြင့် ရခိုင်စစ်ရှောင်များကို အကူညီပေးရန် ခက်ခဲနေ

ဖုန်းလိုင်းများ ပြတ်တောက်နေ၍ အသုံးပြုနေသည့် Kpay အကောင့်များမှာ Log Out ကျပြီး အသုံးပြု၍ မရဖြစ်နေသဖြင့် အလှူရှင်များမှ လှူဒါန်းသည့်‌ငွေများကို ငွေလွှဲပြောင်းပြီး ထောက်ပံ့ပေးရန် အခက်ကြုံနေကြခြင်းဖြစ်သည်။ 

By Admin 24 Oct 2024

စစ်ဘေးရှောင်စခန်းမှ  ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများမှာ လာမည့်ဆောင်းရာသီတွင် အအေးဒဏ်ကိုကျော်ဖြတ်ရန် စိန်ခေါ်မှုများစွာ ရှိနေကြသည်။
စစ်ဘေးရှောင်စခန်းမှ  ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများမှာ လာမည့်ဆောင်းရာသီတွင် အအေးဒဏ်ကိုကျော်ဖြတ်ရန် စိန်ခေါ်မှုများစွာ ရှိနေကြသည်။

DMG ၊ အောက်တိုဘာ ၂၄ 

တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ လုံးဝနီးပါးပြတ်တောက်နေသဖြင့် စစ်ဘေးရှောင်များကို အကူအညီပေးရန် အခက်အခဲဖြစ်ပေါ်နေရကြောင်း စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသူများက ပြောဆိုကြသည်။ 

လက်ရှိတွင် ဖုန်းလိုင်းများ ပြတ်တောက်နေ၍ အသုံးပြုနေသည့် Kpay အကောင့်များမှာ Log Out ကျပြီး အသုံးပြု၍ မရဖြစ်နေသဖြင့် အလှူရှင်များမှ လှူဒါန်းသည့်‌ငွေများကို ငွေလွှဲပြောင်းပြီး ထောက်ပံ့ပေးရန် အခက်ကြုံနေကြခြင်းဖြစ်သည်။ 

“ ဖုန်းလိုင်းပြတ်သွားတော့ Kpay အကောင့်ကို ပြန်ဝင်လို့ မရတော့ဘူး။ အကောင့်ထဲမှာ အလုပ်အတွက်ရော စစ်ဘေးရှောင်တွေအတွက် လှူထားတဲ့ ငွေတွေရော သိန်းရာနဲ့ချီရှိနေတယ်။ Kpay ဝင်မရတော့ အခက်ကြုံနေရတာ ” ဟု ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင်အရေးကူညီပေးနေသည့် အမျိုးသမီးက ပြောသည်။ 

ရခိုင်တွင် စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုကြောင့် လူမှုကူညီရေးလုပ်ဆောင်နေသူများမှာ Kpay ကို အဓိကအသုံးပြု၍ အလှူရှင်များ၏ ကူညီထောက်ပံ့ငွေများကို လက်ခံကာ စစ်ဘေးရှောင်များကို ပြန်လည်ထောက်ပံ့ပေးနေကြခြင်းဖြစ်သည်။ 

တိုက်ပွဲစတင်ဖြစ်ပွားချိန်မှစ၍ ရခိုင်ကမြို့နယ်အားလုံးကို စစ်ကောင်စီက ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခဲ့ပြီးနောက် မြို့နယ်များကို အာရက္ခတပ်တော် (AA) ထိန်းချုပ်လာချိန် နေရာအချို့တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း နေရာကွက်ကျားရရှိခဲ့သည်။ 

သို့သော်လည်း ယင်းနေရာများတွင် အောက်တိုဘာ ဒုတိယပတ်အတွင်း ၄ ရက်ခန့်ကြာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းအားလုံး ပြတ်တောက်သွား၍ Kpay အကောင့်ကို အသုံးပြုကာ အလုပ်လုပ်နေသူများမှာ အခက်အခဲကြုံနေရခြင်းဖြစ်သည်။ 

“တိုက်ပွဲကြောင့် ရှောင်နေရတဲ့ ဆရာတော်တစ်ပါးကို လှူဖို့အတွက် နိုင်ငံခြားက အလှူရှင်က ကျမ အကောင့်ကို လွှဲထားတာ။ အဲဒါ လေးရက်လောက် ဖုန်းလိုင်းပြတ်သွားတာနဲ့ အကောင့်လော့ကျပြီး ဘယ်လိုမှ ပြန်ဝင်မရတော့ဘူး။ ကိုယ့်ပိုက်ဆံကို စိုက်ပြီး ပေးထားရတယ်” ဟု ရမ်းဗြဲမြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။ 

ရခိုင်တွင် ဆက်သွယ်ရေးလိုင်းပြတ်တောက်မှုကြောင့် ၂၀၂၄ ခုနှစ်၊ အစောပိုင်းက Kpay အကောင့် ပြန်ဝင်မရသူများမှာ ရန်ကုန်မြို့ရှိ မိတ်ဆွေများကို အကူအညီတောင်းပြီး သက်ဆိုင်ရာ ဆက်သွယ်ရေးရုံးများတွင် ဆင်းကဒ်ပျောက်တိုင်ကြားကာ ကဒ်အသစ်လုပ်၍ ရန်ကုန်မှ တစ်ဆင့် အကောင့်ကို ပြန်ဝင်နိုင်ခဲ့ကြသည်။ 

သို့သော်လည်း လက်ရှိတွင် ရန်ကုန်၌ (၁၁/) မှတ်ပုံတင်များအား အစစ်အဆေးများလာပြီး ယခင်ကဲ့သို့ ဆင်းကဒ်အသစ်လုပ်မပေးတော့ကြောင်း ရန်ကုန်မြို့နေ ရခိုင်ဒေသခံများထံမှ သိရသည်။ 

လက်ရှိတွင် Kpay အသုံးပြု၍ မရဖြစ်နေရခြင်းမှာ ပြည်မနှင့် ပြည်ပနိုင်ငံရှိ အလှူရှင်များမှ ကူညီ ထောက်ပံ့သည့် ငွေများမှာ စစ်ဘေးရှောင်များထံ ရောက်ရှိရန် ပို၍ခက်ခဲလာသည်ဟု ပြောဆိုကြသည်။ 

“ အလှူငွေတွေကို တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် ပေးနေတာ မဟုတ်ဘဲ အွန်လိုင်းပေါ်ကပဲ  လွှဲပေးနေကြတာ။ အခုလို အကောင့်တွေ လော့ကျသွားတော့ အလှူရှင်ကရော ဘယ်လို ယုံကြည် တော့မှာလဲ” ဟု ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင်အရေး ကူညီပေးနေသည့် အမျိုးသမီးက ပြောသည်။ 

ယင်းအပြင် ဒေသတွင်း ကူညီပေးနေသည့် အဖွဲ့အစည်း၊ NGO INGO နှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှာ လည်း စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့ထားမှုကြောင့် စစ်ဘေးရှောင်အရေးကူညီရန် အခက်ခဲရှိနေကြသည်။ 

ရခိုင်ပြည်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် ၆ သိန်းကျော်အထိ တိုးလာနေပြီး စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကို ဆိုးရွားစွာ ခံစားနေကြရသည်။