ကျောက်တော်ဒေသခံသုံးဦးကို အမိန့်မချဘဲ ရုံးချိန်းရွှေ့ဆိုင်းမှု ၅ လကျော်လာပြီ
ယနေ့ရုံးချိန်းတွင် ကျောက်တော်မြို့နယ်တရားရုံးက “တရားသူကြီးမရှိ” ဟုဆိုကာ လာမည့် ဩဂုတ်လ ၂၉ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်ကြောင်း မိသားစုဝင်များက ပြောသည်။
15 Aug 2023
DMG ၊ ဩဂုတ် ၁၅
နိုင်ငံတော်ဆူပှုလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသည့် ကိုဇော်ဝင်းအပါအဝင် ကျောက်တော်ဒေသခံသုံးဦးအမှုကို ယနေ့ အပြီးသတ်အမိန့်ချမှတ်ရန် ၁၂ ကြိမ်မြောက် ရုံးချိန်းခဲ့သော်လည်း အမိန့်မချဘဲ ထပ်မံရုံးချိန်းရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
ယနေ့ရုံးချိန်းတွင် ကျောက်တော်မြို့နယ်တရားရုံးက “တရားသူကြီးမရှိ” ဟုဆိုကာ လာမည့် ဩဂုတ်လ ၂၉ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်ကြောင်း မိသားစုဝင်များက ပြောသည်။
“မိသားစုမှာ အိမ်ထောင်ဦးစီးမရှိတော့ ဘယ်လိုမှအဆင်မပြေဘူး။ သားသမီးတွေရဲ့ ပညာရေး၊ ကျန်းမာရေး အစအရာအရာ အကုန်လုံးစိုးရိမ်နေရတယ်။ ကျမတို့မှာ အစစအရာရာ နစ်နာတယ်” ဟု တရားစွဲခံထားရသည့် ကိုဇော်ဝင်း၏ ဇနီး ဒေါ်ခင်လှဇံက ပြောသည်။
ကိုဇော်ဝင်းအပါအဝင် ကျောက်တော်ဒေသခံသုံးဦးအမှုကို အပြီးသတ်အမိန့်ချရန် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက် နေ့တွင် ပထမအကြိမ်ရုံးချိန်းခဲ့သည်။ သို့သော် အမိန့်မချဘဲ ရုံးချိန်းအကြိမ်ကြိမ် ရွှေ့ဆိုင်းနေသည်မှာ ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့ဆိုလျှင် ၅ လကျော်အထိ ရှိလာပြီဖြစ်သည်။
တရားစွဲဆိုခံထားရသူများမှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ ရပ်ကွက်မှ ကိုဇော်ဝင်း၊ ပန်းဖဲချောင်း ကျေးရွာမှ ကိုဇော်မိုးထက်နှင့် ခေါင်းတုတ်ကျေးရွာမှ အိန္ဒိယသုံးဘီးမောင်းသူ ဦးကျော်သန်းမောင်တို့ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။
“အခုလို အမိန့်ချရမယ့်ဟာကို မချဘဲ ရုံးချိန်းပဲရွှေ့နေတာက အရမ်းနစ်နာတယ်။ အပြစ်မပေးရင် ပြန်လွှတ်ပေးပေါ့။ အခုက အခွင့်အရေးတွေ အရမ်းဆုံးရှုံးတယ်။ ဘယ်အချိန်ဆုံးဖြတ်ပြီး ဘယ်အချိန် အပြစ်ပေးမယ်ဆိုတာလည်း ခန့်မှန်းလို့မရဘူး။ အမှုက တစ်နှစ်ကျော်လာပြီ။ အပြစ်မရှိတဲ့သားတစ်ယောက်ကို အချုပ်ခန်းထဲမြင်ရတာ သိပ်ခံစားရတယ်” တရားစွဲခံထားရသည့် ကိုဇော်မိုးထက်၏ ဖခင် ဦးစံလှကျော်က ပြောသည်။
၂၀၂၂ ခုနှစ် ဇွန်လ ၂၀ ရက်နေ့က ကျောက်တော်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားပြီး နောက်တစ်နေ့တွင် ကျောက်တော် ဒေသခံအများအပြား ဖမ်းဆီးခံခဲ့ရသည်။ ယင်းအထဲမှ အချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း ကိုဇော်ဝင်းပါ ကျောက်တော်ဒေသခံသုံးဦးမှာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီး နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။
DMG က ကောက်ယူထားသည့် စာရင်းအရ ရခိုင်ပြည်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်း သံသယဖြင့် ဖမ်းဆီးခံရပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁) (၂)၊ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅ (က)၊ (ခ)တို့ဖြင့် တရားစွဲဆိုခံထားရသူ ၅၀ ခန့်ရှိသည်။
ယင်းအထဲမှ အချို့အမှုများတွင် သက်သေအားလုံးကို စစ်ဆေးပြီးစီး၍ အမိန့်ချရန်သာကျန်ရှိသော်လည်း အကြောင်းအမျိုးမျိုးပြကာ ရုံးချိန်းရွှေ့ဆိုင်းနေခြင်းများရှိနေပြီး အချို့အမှုများမှာ တရားလိုနှင့်လိုပြသက်သေများ မရောက်ရှိသဖြင့် အချိန်ကြန့်ကြာမှုများရှိနေသည်။
#I001