လမ်းခရီးပိတ်ဆို့မှုကြောင့် ရခိုင်လူငယ်များ နိုင်ငံခြားတွင် ပညာသင်ကြားခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် ဆုံးရှုံး
စစ်ကောင်စီက လမ်းခရီးပိတ်ဆို့မှုကြောင့် ပြည်ပနိုင်ငံတွင် ပညာတော်သင် ရရှိထားသူများနှင့်၊ အခြားအလုပ် အကိုင်အခွင့်အလမ်းရရှိသူများမှာ သွားလာရေး အဆင်မပြေဖြစ်နေကြသည်။
26 Oct 2024
DMG ၊ အောက်တိုဘာ ၂၆
ရခိုင်ပြည်အတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တတိယအကြိမ် တကျော့ပြန်တိုက်ပွဲများ စတင်ပြီးနောက် စစ်ကောင်စီက လမ်းခရီးပိတ်ဆို့မှုကြောင့် ပြည်ပနိုင်ငံတွင် ပညာတော်သင် ရရှိထားသူများနှင့်၊ အခြားအလုပ် အကိုင်အခွင့်အလမ်းရရှိသူများမှာ သွားလာရေး အဆင်မပြေဖြစ်နေကြသည်။
ပေါက်တောမြို့နယ်မှ လူငယ်တစ်ဦးမှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက တရုတ်နိုင်ငံတွင် သဘာဝပတ်ဝန်းကျင် နှင့် ပတ်သက်သည့် ပညာသင်ဆုရရှိခဲ့သော်လည် သွားလာရေး လမ်းခရီးအဆင်မပြေသဖြင့် ပညာသင်ဆုကို လက်လွှတ်လိုက်ရကြောင်း သိရသည်။
" ကျနော်မှာ အဲဒီမှာ(တရုတ်) ပညာသင်ဆုရဖို့ တော်တော်လေး ကြိုးစားခဲ့ရတာ။ ပညာသင်ဆုလည်းရပြီ သွားရတော့မယ်ဆိုမှ တိုက်ပွဲတွေ ထဖြစ်တော့ စစ်ကောင်စီက လမ်းတွေ ပိတ်ချလိုက်တာနဲ့ မျှော်လင့်ချက်မဲ့ ကုန်ရော " ဟု အဆိုပါ လူငယ်က ပြောသည်။
အလားတူ မြေပုံမြို့နယ်က လူမှုကူညီရေးလုပ်ကိုင်နေသူ လူငယ်တစ်ဦးမှာလည်း ပြီးခဲ့သည့်နှစ်က ထိုင်းနိုင်ငံသို့ လူမှုကူညီရေးကိစ္စနှင့် ဆက်စပ်၍ တက်ခွင့်ရသည့် ဆွေးနွေးပွဲကို မသွားနိုင်ဘဲ ဖြစ်ခဲ့ရသည်။
" တိုက်ပွဲတွေဖြစ်၊ လမ်းတွေပိတ်တော့ ကျနော့်မှာ အခွင့်အလမ်းတွေ တော်တော်များများလည်း ပိတ်သွားတယ်။ ထိုင်းကို သွားရတော့မယ့် နေ့မှာမှ စစ်တွေကို ဝင်လို့မရတော့လို့ လက်လွှတ်လိုက်ရတာတွေ ရှိပါတယ် " ဟု သူက ပြောသည်။
ရခိုင်တွင် တိုက်ပွဲဖြစ်ပွားသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက် နောက်ပိုင်းမှစကာ စစ်ကောင်စီသည် စစ်တွေမြို့ အဝင်/အထွက်ကို ပိတ်ဆို့ထားသည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးခွဲ (စစ်တွေ)တွင် နိုင်ငံကူးလက်မှတ်ပြုလုပ်နိုင်ကြခြင်း မရှိပေ။
ယင်းအပြင် လက်ရှိ အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် မြို့နယ်များက လူငယ်များမှာလည်း ရန်ကုန်မှ တစ်ဆင့် နိုင်ငံကူးလက်မှတ် ပြုလုပ်ပြီး ပြည်ပနိုင်ငံများသို့ တရားဝင်သွားရန် စိန်ခေါ်မှုများစွာ ရှိနေကြောင်း ပြောဆိုကြသည်။
" ပြီးခဲ့တဲ့ လအနည်းငယ်လောက်က ရန်ကုန်ကို လာရတာက လမ်းတွေမှာ အကန့်အသတ်တွေများတော့ မလွယ်ဘူး။ ကျောက်ဖြူအထိတော့ ခိုးပြီးလာရတာ။ ကျောက်ဖြူကနေ ရန်ကုန်သွားတဲ့အခါမှာလည်း တော်တော်လေး သတိထားလာရတယ်" ဟု မင်းပြားမြို့နယ်မှ လူငယ်တစ်ဦးကပြောသည်။
လက်ရှိတွင် စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် ကျောက်ဖြူမြို့မှ တစ်ဆင့် ရန်ကုန်အပါအဝင် ပြည်မဘက်သို့ သွားရောက်နိုင်သော လမ်းကြောင်းမှာ ယခင်ထက် ပို၍တင်းကြပ်စစ်ဆေးမှုကြောင့် ပြည်ပသို့ ထွက်ခွာလိုသည့် လူငယ်များမှာ အခက်ကြုံနေကြရခြင်းဖြစ်သည်။
ရခိုင်ပြည်အတွင်း လူငယ်အများစုမှာ ပြည်တွင်း စီးပွားရေး အဆင်မပြေမှုများကြောင့် နှစ်စဉ် ပြည်ပထွက်ခွာနှုန်း မြင့်တက်နေပြီး ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုးရီးယား၊ ဂျပန်နိုင်ငံများသို့ အများဆုံး ထွက်ခွာကြသည်။
လက်ရှိရခိုင်ဒေသတွင် တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ အလုပ်အကိုင်ရှားပါးခြင်း၊ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားခြင်းကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်ကာ ဒေသခံများမှာ စီးပွားရေးအကျပ်အတည်နှင့် ရင်ဆိုင်နေကြရသည်။