- မြန်မာကလေးငယ်များကို ကယ်တင်ပေးရန် Unicef သို့ ဦးကျော်မိုးထွန်း တောင်းဆို
- AA နှင့် တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းနေကြောင်း ချင်းပြည်ကောင်စီပြော
- မွန်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှု သိသိသာသာမြင့်တက်လာ
- မအိပ်သည့် လသားကလေးကို ဆွဲဆိတ်နှိပ်စက်သည့် မြန်မာအိမ်အကူ ထောင်ဒဏ် လ ၂၀ ချမှတ်ခံရ
- မောင်တော ဂုံးနားကျေးရွာတွင် မိုင်းနင်းမိ၍ ဒေသခံ ၃ ဦး ဒဏ်ရာရ
မောင်တော ဂုံးနားကျေးရွာတွင် မိုင်းနင်းမိ၍ ဒေသခံ ၃ ဦး ဒဏ်ရာရ
မောင်တောမြို့နယ်၊ ရွှေဇားအုပ်စု ဂုံးနား(မွတ်ဆလင်) ကျေးရွာတွင် ဖေဖော်ဝါရီ ၆ ရက်၊ ညနေ ၄ နာရီဝန်းကျင်က မြေမြှုပ်မိုင်းနင်းမိ၍ ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
06 Feb 2025
![ပုံစာ- မောင်တောမြို့နယ်၊ ဂုံးနား(မွတ်ဆလင်) ကျေးရွာတွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိ သွားသူများကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - APM](https://assets.dmediag.com/2025/2/photo_2025-02-06_20-11-26.jpg)
DMG ၊ ဖေဖော်ဝါရီ ၆
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ရွှေဇားအုပ်စု ဂုံးနား(မွတ်ဆလင်) ကျေးရွာတွင် ယနေ့ ( ဖေဖော်ဝါရီ ၆ ရက်)၊ ညနေ ၄ နာရီဝန်းကျင်တွင် မြေမြှုပ်မိုင်းနင်းမိ၍ ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ဒဏ်ရာရရှိသွားသူများမှာ မရှာဟဲအာတာ (၂) နှစ်၊ မနူရ်ကိုင်ဒါ (၃၀)နှစ်နှင့် ကိုကျော်မြင့်နိုင် (၂၈) တို့ဖြစ်ပြီး မနူရ်ကိုင်ဒါမှာ မိုင်းနင်းမိ၍ ညာဖက်ခြေထောက်ပြတ်ထွက်သွားသည်။
" ဒီနေ့ ညနေ ၄ နာရီလောက်မှာ အိမ်ခြံအတွင်းမှာ မိုင်းနင်းမိတာ။ တစ်ယောက်က ခြေတစ်ဖက်ပြတ် ထွက်သွားတယ်။ မိုင်းစထိလို့ အနီးအနားက ကလေးတစ်ယောက်နဲ့ ယောက်ျားတစ်ယောက် ဒဏ်ရာ ရသွားတယ်" ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၅ ရက်) ကလည်း ရွှေဇားအုပ်စု ဂုံးနား(မွတ်ဆလင် ) ကျေးရွာမှ အမျိုးသားတစ်ဦးမှာ နေအိမ်အတွင်း မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ပြတ်ထွက်သွားခဲ့သည်။ အလားတူ ဇန်နဝါရီ ၂၉ ရက်က လည်း ယင်းကျေးရွာတွင် ကလေးငယ်တစ်ဦး နေအိမ်အတွင်း မိုင်းနင်းမိ၍ သေဆုံးသွားခဲ့သည်။
ဂုံးနားကျေးရွာသားများမှာ မောင်တောတိုက်ပွဲကြောင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းမှစကာ စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး ယခုနှစ် ဇန်နဝါရီ ၁၈ ရက်တွင် ကျေးရွာအတွင်း ပြန်လည်နေထိုင်နေကြခြင်း ဖြစ်သည်။
ကျေးရွာအတွင်း ပြန်လည်နေထိုင်ပြီးနောက်ပိုင်း ယခုကဲ့သို့ မိုင်းနင်းမိသည့်ဖြစ်စဉ်များဆက်တိုက်ရှိလာနေ၍ ဒေသခံများမှာ မိုင်းအန္တရာယ်ကို စိုးရိမ်နေကြကြောင်း သိရသည်။
ရခိုင်ဒေသတွင် ယခုရက်ပိုင်းအတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပေါ်လျှက်ရှိရာ သေဆုံးဒဏ်ရာရရှိသူအရေအတွက်မှာလည်း တိုးလာလျှက်ရှိသည်။