- နခခ ၅ ကို ဆက်လက်ခုခံနိုင်ရန် လေကြောင်းဖြင့် ရိက္ခာဖြည့်ပေးနေ
- အမ်းက စစ်ကောင်စီ အမြောက်စခန်းတစ်ခုကို AA သိမ်းပိုက်
- DMG သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်ကောင်စီက ဖမ်းဆီးထားသည်မှာ တစ်နှစ်ပြည့်ပြီ
- စစ်ကောင်စီ လောင်စာဆီရရှိနေသည့် ကုမ္ပဏီ ၅ ခုကို ဗြိတိန် အရေးယူပိတ်ဆို့
- အမ်း လေကြောင်းဗုံးကြဲမှု အရပ်သား ၉ ဦး သေဆုံး၊ ၁၈ ဦးထက်မနည်း ဒဏ်ရာရ
မောင်တောမှ မြိုလူမျိုး စစ်ရှောင် ၅၀၀ ကျော် စားဝတ်နေရေးခက်ခဲနေ
စစ်ဘေးတိမ်းရှောင်လာစဉ်က မေယုတောင်တန်းကိုအမှီပြုကာ ငါးရှာ၊ ဟင်းရှာ၍ ရှာဖွေစားသောက်ခဲ့သော်လည်း လက်ရှိတွင် ARSA အဖွဲ့၏ လှုပ်ရှားမှုများကြောင့် ဝမ်းစာရှာဖွေရန် မသွားရဲဖြစ်နေကြသည်ဟု မြိုလူမျိုး စစ်ဘေးရှောင်များက ပြောသည်။
26 Oct 2024
DMG ၊ အောက်တိုဘာ ၂၆
တိုက်ပွဲဖြစ်ပွားမှုကြောင့် ရခိုင်ပြည်၊ မောင်တောမြို့နယ် သီဟိုဋ်အေး၊ ၃ မိုင်သာစည်၊ အောင်သာယာကျေးရွာတို့မှ တိမ်းရှောင်လာသည့် မြိုလူမျိုး စစ်ဘေးရှောင် ၅၀၀ ကျော်မှာ စားဝတ်နေရေး အခက်အခဲဖြစ်နေကြောင်း သိရသည်။
စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက "ရွာကိုလည်း ပြန်လို့မရသေးဘူး။ ဒီမှာက အလုပ်အကိုင်လည်းမရှိတော့ စားဝတ်နေရေး အခက်အခဲရှိတာပေါ့" ဟု ပြောသည်။
မောင်တောဒေသသည် နဂိုကတည်းက လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဒေသတစ်ခုဖြစ်ပြီး လက်ရှိတွင် စစ်ဘေးရှောင်များကို ထောက်ပံ့ပေးမည့် အလှူရှင်များလည်း မရောက်ရှိနိုင်ကြပေ။
မြိုစစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမျိုးသားတစ်ဦးက "အရင်ကတော့ သူတို့ကို ကျနော်တို့ မြိုလူငယ် အဖွဲ့အစည်းတွေကစုပြီးတော့ အလှူငွေတွေကောက်ခံပြီးတော့ ကူညီပေးတာရှိခဲ့တယ်။ ဒါပေမယ့် အခုက အလှူရှင်တွေလည်း မရှိတော့ဘူး။ ဟင်းရှာ၊ ငါးရှာလည်း မသွားနိုင်ကြတော့ စားဝတ်နေရေးအခက်အခဲနဲ့ ကြုံနေရတယ်" ဟု ပြောသည်။
စစ်ဘေးတိမ်းရှောင်လာစဉ်က မေယုတောင်တန်းကိုအမှီပြုကာ ငါးရှာ၊ ဟင်းရှာ၍ ရှာဖွေစားသောက်ခဲ့သော်လည်း လက်ရှိတွင် အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) အဖွဲ့၏ လှုပ်ရှားမှုများကြောင့် ဝမ်းစာရှာဖွေရန် မသွားရဲဖြစ်နေကြသည်ဟု ဆိုသည်။
စက်တင်ဘာ ၃၀ ရက်က ကိုင်းကြီးကျေးရွာမှ သားဖလေးဦးမှာ ရွာအနီးဝန်းကျင်တွင် ငါးရှာသွားစဉ် ပျောက်ဆုံးသွားသဖြင့် အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များနှင့် ကျေးရွာသားများမှ ပူးပေါင်းရှာဖွေခဲ့သော်လည်း ယနေ့အထိ ရှာမတွေ့သေးပါ။ ယင်းသို့ရှာဖွေရာတွင် ARSA အဖွဲ့ စခန်းချခဲ့သည့်နေရာတစ်ခု၌ ပျောက်ဆုံးနေသူတစ်ဦး၏ ဦးထုပ်ကိုတွေ့ရှိခဲ့သဖြင့် ၎င်းတို့ကို ARSA က ဖမ်းဆီးသွားသည်ဟု ယူဆထားကြသည်။
သီဟိုဠ်အေးကျေးရွာမှ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက "အခုက အနီးအနားကရွာတွေကို သွားပြီးတော့ အလုပ်လုပ်လို့ရတဲ့နေ့ဆိုရင် ထမင်းစားရတယ်။ အလုပ်မရတဲ့နေ့တွေဆိုရင် အငတ်ခံပြီးတော့ နေရတဲ့သူတွေလည်းရှိတယ်" ဟု ပြောသည်။
မောင်တောနှင့် ဘူးသီးတောင်မြို့များတွင် အာရက္ခတပ်တော်မှ လတ်တလော လက်လှမ်းမမှီသေးသော နေရာအချို့နှင့် တောထူထပ်သော တောင်တန်းများထဲတွင် ARSA၊ RSO၊ ARA လက်နက်ကိုင်တပ်ဖွဲ့ဝင်များ တပ်စခန်းများ အခိုင်အမာတည်ဆောက်ပြီး ခိုအောင်းလျက်ရှိသည်ဟု အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသည်။
လက်ရှိမောင်တောမြို့နယ်တွင် စစ်ကောင်စီ၏ နခခ (၅) ကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲများ ပြင်းထန်လျက်ရှိနေသည်။
ရခိုင်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ဘေးရှောင်ဦးရေ ၆ သိန်းကျော်အထိ တိုးလာခဲ့ပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသဖြင့် စစ်ဘေးရှောင်အရေအတွက်မှာလည်း ဆက်လက်မြင့်တက်လျက် ရှိနေသည်။