- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
ပြီးခဲ့သည့် နှစ်များက ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင် စသည့် မြို့ နယ်များတွင် နွေစပါး စိုက်ပျိုးနိုင်ခဲ့သော်လည်း ယခုနှစ်တွင် တောင်သူများမှာ မိုးစပါး အရောင်းမထွက်၍ နွေစပါးအတွက် သွင်းအားစုစရိတ် မထည့်သွင်းနိုင်ကြောင်း ပြောဆိုကြသည်။
14 Feb 2025

DMG ၊ ဇန်နဝါရီ ၁၄
တိုက်ပွဲဖြစ်စဉ်များနှင့် တောင်သူများ၏ စားဝတ်နေရေးအကျပ်အတည်းများနှင့်အတူ သွင်းအားစုစရိတ် မတတ်နိုင်ခြင်းစသည့် အကြောင်းအမျိုးမျိုးကြောင့် ယခုနှစ် ရခိုင်တွင် နွေစပါး လုံးဝမစိုက်ပျိုးနိုင်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
ပြီးခဲ့သည့် နှစ်များက ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင် စသည့် မြို့ နယ်များတွင် နွေစပါး စိုက်ပျိုးနိုင်ခဲ့သော်လည်း ယခုနှစ်တွင် တောင်သူများမှာ မိုးစပါး အရောင်းမထွက်၍ နွေစပါးအတွက် သွင်းအားစုစရိတ် မထည့်သွင်းနိုင်ကြောင်း ပြောဆိုကြသည်။
" မိုးစပါးတောင် အရောင်းမထွက်သေးဘူး။ အရောင်းမထွက်လို့ ထားစရာနေရာတောင် မရှိဘူး။ ဒါကြောင့် နွေ စပါးစိုက်ဖို့ အရင်းအနှီးမရှိတာ " ဟု မြောက်ဦးမြို့နယ်၊ ပုရိမ်ကျေးရွာမှ နွေစပါးစိုက်ပျိုးသူ ဦးစိုးလင်းထွန်းက ပြောသည်။
အဆိုပါ မြို့နယ်များတွင် ယခင်က နွေစပါးစိုက်ပျိုးရန် ဆည်နှင့် ရေလှောင်တမံများကို အသုံးပြုကာ ဆည်ရေ သွင်းစနစ်၊ မြစ်ရေတင်စနစ်၊ သဘာဝရေဝင်စနစ်၊ စက်ရေတင် ရေသွင်းစနစ် စသည့် နည်းမျိုးစုံဖြင့် စိုက်ပျိုးခဲ့ကြသည်။
တိုက်ပွဲမဖြစ်ခင် နှစ်များက ရခိုင်တပြည်လုံးတွင် ရေသွင်းစနစ်နည်းမျိုးစုံဖြင့် စိုက်ပျိုးခဲ့ရာမှာ နွေစပါး စိုက်ဧက ၂,၀၀၀ ခန့်အထိ စိုက်ပျိုးနိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ် စိုက်ပျိုးရေးဌာန အချက်အလက်များတွင် ဖော်ပြသည်။
သို့သော်လည်း ရခိုင်တောင်သူများသည် လက်ရှိ နွေစပါးစိုက်ပျိုးသည့်နေရာများတွင် ပဲနှင့် မုန်ညင်းကို အဓိက ထား၍ အစားထိုး စိုက်ပျိုးနေကြသည်ဟု သိရသည်။
" စပါးစိုက်တာက သွင်းအားစုစရိတ် ကြီးတယ်။ ပြီးတော့ စပါးက ရခိုင်မှာ ဒီနှစ်တွေ အရောင်းမထွက်ဘူး။ ဈေးကောင်းလည်း မရဘူး။ အဲဒါကြောင့် ပဲနဲ့ မုန်ညင်းကို အစားထိုးပြီး အများကြီး စိုက်လိုက်တယ်။ ပဲနဲ့ မုန်ညင်းက အရောင်းထွက်ဖို့လည်း လွယ်တယ်" ဟု ကျောက်တော်မြို့နယ်မှ နွေစပါးစိုက်ပျိုးသူတစ်ဦးက ပြောသည်။
ရခိုင်တိုက်ပွဲ မပြင်းထန်မီ နှစ်များက ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပြည်မဘက်သို့ ဆန်တန်ချိန် ၂,၅၀၀ ဝန်းကျင် နှစ်စဉ် တင်ပို့ ရောင်းချနိုင်ခဲ့၍ မိုးစပါးအရောင်းထွက်ကာ ဈေးကောင်းရရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
လက်ရှိတွင် စစ်ရေးပဋိပက္ခကြောင့် စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထား၍ ရခိုင်မှ မိုးစပါးများ အရောင်း မထွက် သည့်အပြင် ဈေးကောင်းမရရှိ၍ နွေစပါးစိုက်ရာသီတွင် သွင်းအားစုစရိတ် မတတ်နိုင်ဘဲ ဖြစ်နေကြခြင်းဖြစ်သည်။
ပြီးခဲ့သည့် နှစ်များက စပါးတောင်း ၁၀၀ ကို ငွေကျပ် ၁၀ သိန်းဝန်းကျင်ရရှိခဲ့သော်လည်း လက်ရှိတွင် စပါးတောင်း ၁၀၀ ကို ငွေကျပ် ၆ သိန်းဝန်းကျင်သာ ရရှိနေကြောင်း လယ်သမားများက ပြောသည်။
" ကျနော် သိသလောက် ဒီနှစ် မင်းပြားမြို့နယ်တစ်ခုလုံးမှာ နွေစပါး မစိုက်နိုင်ကြဘူး။ မိုးစပါးတွေလည်း ဒီအ တိုင်း ကျန်သေးတယ်။ ဒီနှစ်တွေမှာ လယ်သမားတွေ အရှုံးပေါ်လို့ စားဝတ်နေရေးတောင် ကျပ်တည်းသွားတယ် " ဟု မင်းပြားမြို့နယ်မှ နွေစပါးစိုက်ပျိုးသူ (ချင်း)အမျိုးသားတစ်ဦးက ပြောသည်။
ရခိုင်ပြည်တွင် ၂၀၂၂ ခုနှစ်က နွေစပါးစိုက်ပျိုးရာသီတွင် ၈၂၂ ဧကသာ စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၁,၅၄၅ ဧကတိုးချဲ့ စိုက်ပျိုးနိုင်ခဲ့ကြောင်း ပြည်နယ်စိုက်ပျိုးရေး ဌာနအချက်အလက်များအရ သိရသည်။