လေးမြို့ချောင်းဒေသက ကရုဏာဥယျာဉ် (ဘ.က)ကျောင်းအတွက် အကူအညီများ လိုအပ်နေ
ကျောင်းအတွက်လိုအပ်နေသော ဆရာ၊ ဆရာမများ မငှားရမ်းနိုင်သဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးတွင် အခက်အခဲဖြစ်နေရသည်ဟု ကရုဏာဥယျာဉ် (ဘ.က)ကျောင်းဦးစီးဆရာတော် ဦးဝါသုဒေဝက မိန့်ကြားသည်။
22 Aug 2023
DMG ၊ ဩဂုတ် ၂၂
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းဒေသ အထက်လေညှင်းတောင်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် ကရုဏာဥယျာဉ် (ဘ.က)ကျောင်းအတွက် ငွေကြေးအပါအဝင် အခြားအကူအညီများ လိုအပ်နေကြောင်း ကျောင်းတာဝန်ရှိသူများက ပြောသည်။
လက်ရှိမှာ ကျောင်းအတွက်လိုအပ်နေသော ဆရာ၊ ဆရာမများ မငှားရမ်းနိုင်သဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးတွင် အခက်အခဲဖြစ်နေရသည်ဟု ကရုဏာဥယျာဉ် (ဘ.က)ကျောင်းဦးစီးဆရာတော် ဦးဝါသုဒေဝက မိန့်ကြားသည်။
“ဆရာ၊ ဆရာမတွေကို ကျောင်းတက်ဖို့ ထောက်ပံ့မပေးနိုင်ရင် တော်တော်လေး တာဝန်မကျေဖြစ်မယ်။ အဲဒါကြောင့် ရှိတဲ့ဆရာ/မတွေနဲ့ပဲ အပင်ပန်းခံပြီးတော့ လုပ်မယ်လို့ ဆုံးဖြတ်လိုက်ရတယ်” ဟု ဆရာတော်က မိန့်သည်။
ကရုဏာဥယျာဉ် (ဘ.က) ကျောင်းတွင် KG တန်းမှ Gread – 11 အထိ ကျောင်းသား၊ ကျောင်းသူ ၁၀၀ ခန့်ရှိပြီး ဆရာ၊ ဆရာမ ၈ ဦးဖြင့်သာ စာသင်ကြားပေးနေရသည်။
“ဆရာ၊ဆရာမ မလုံလောက်တော့ တစ်ချိန်တည်းမှာ အတန်းနှစ်တန်း ပေါင်းသင်နေရတယ်။ ဆိုတော့ ကျမတို့ဖက်ကလည်း သေချာဂရုမစိုက်ပေးနိုင်တဲ့အချိန်မှာ ကျောင်းသားတွေအတွက်လည်း အခက်အခဲ ဖြစ်ရတယ်” ဟု ကရုဏာဥယျာဉ် (ဘ.က)ကျောင်းမှ ဆရာမ ဒေါ်အေးသော်တာကြည်က ပြောသည်။
ပြီးခဲ့သည့်နှစ်က ကရုဏာဥယျာဉ်(ဘ.က)ကျောင်းတွင် ကျောင်းသူ၊ ကျောင်းသားဦးရေ ၇၀ ကျော် ရှိခဲ့သော်လည်း ယခုနှစ်တွင် ကျောင်းသားဦးရေ ၁၀၀ အထိ တိုးလာခဲ့ခြင်းဖြစ်သည်။ ငွေကြေး အခက်အခဲကြောင့် လက်မခံဘဲ ပြန်လွှတ်လိုက်ရသည့် ကျောင်းသူ၊ ကျောင်းသားများလည်း ရှိခဲ့ကြောင်း သိရသည်။
အဆိုပါကျောင်းကို ပြည်တွင်း၊ ပြည်ပအလှူရှင်များ၏ အကူအညီဖြင့် ရပ်တည်နေခြင်းဖြစ်ကာ မုန်တိုင်းလွန်ကာလတွင် အလှူရှင်များ နည်းပါးသွားသဖြင့် ကျောင်းသူ၊ ကျောင်းသားများအတွက် ကျောင်းအသုံးအဆောင် ပစ္စည်းများမှစ၍ မလုံမလောက်ဖြစ်နေကြောင်း ကျောင်းတာဝန်ရှိသူက ပြောသည်။
ကရုဏာဥယျာဉ် (ဘ.က) ကျောင်းတွင် ကျောင်းသူ၊ ကျောင်းသားများကို အတန်းစာ သင်ကြားမှုအပြင် အင်္ဂလိပ်စာ၊ ကွန်ပျူတာ စသည့်ပညာရပ်များကိုလည်း သင်ကြားပို့ချပေးကြောင်း သိရသည်။
“ဆယ်တန်းအောင်တဲ့ ကလေးတွေကို အင်္ဂလိပ်စာ၊ ကွန်ပျူတာတို့ သင်ပေးလိုက်နိုင်တယ်။ ပြီးတော့ ပြည်တွင်းမှာရှိတဲ့ ဆိုင်ရာ, ဆိုင်ရာ သင်တန်းတွေကို ပို့ပေးလိုက်နိုင်ကတော့ လုပ်ပေးနိုင်တဲ့ အောင်မြင်မှု တစ်ခုဖြစ်တယ်” ဟု ဆရာတော် ဦးဝါသုဒေဝက မိန့်ကြားသည်။
ကရုဏာဥယျာဉ် (ဘ.က) ကျောင်းတွင် လေးမြို့ချောင်းဒေသရှိ ကျေးရွာပေါင်း ၁၀ ကျော်မှ မိသားစုဆင်းရဲနွမ်းပါးသည့် ကလေးငယ်များ လာရောက်ပညာသင်ကြားနေကြခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်က ကရုဏာဥယျာဉ်(ဘ.က)ကျောင်းကို စတင်တည်ထောင်ခဲ့ပြီး ဆယ်စုနှစ် တစ်ခုကျော် ကာလအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၂ ဦးအထိ မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
#I010