- ရခိုင်တွင် နှစ်ပတ်အတွင်း တိုက်ပွဲဖြစ်ပွားမှု အကြိမ် ၁၀ ကျော်ထိ မြင့်တက်
- ဖိလစ်ပိုင်သင်္ဘောက တရုတ်သင်္ဘောကို တမင် ဝင်တိုးခဲ့သည်ဟု တရုတ်ပြော
- ရုရှားသည် မိမိတို့ဘက်မှ ခိုင်ခိုင်မာမာ ရပ်တည်နေကြောင်း စစ်ခေါင်းဆောင်ပြော
- ပုသိမ်ထောင်ရောက် ရခိုင်အကျဉ်းသားများ ကျန်းမာရေးစောင့်မှုလိုအပ်နေ
- ရခိုင်တွင် ၃ လအတွင်း စစ်ကောင်စီလက်ချက်ကြောင့် ဒေသခံ ၃၀၀ ကျော် သေဆုံးဒဏ်ရာရ
မလေးရှားတွင် အဖမ်းအဆီးကြမ်းနေ၍ ရခိုင်အလုပ်သမားများ နေထိုင်ရပ်တည်ရေး ခက်ခဲလာ
“အရင်က ဖမ်းဆီးမှုတွေ ရှိခဲ့ပေမယ့် ဒီလောက်ထိ မကြမ်းဘူး။ ဒီလရယ် ပြီးခဲ့တဲ့ နှစ်လလောက်ကဆိုရင် နေ့တိုင်း ဖမ်းနေတာ။ အဖမ်းခံရတဲ့ သူတွေလည်း အာမခံနဲ့ မလွှတ်တော့ဘူး။ ချုပ်ရက်စေ့ရင် မြန်မာနိုင်ငံကို အပို့ခံရတယ်။ ဒီမှာအလုပ်လုပ်ရတာ တော်တော်လည်း ခက်ခဲပါတယ်” ဟု မလေးရှားရောက် ရခိုင်ဒေသခံ ကိုကျော်မင်းဌေးက ပြောသည်။
03 Dec 2024
DMG ၊ ဒီဇင်ဘာ ၃
မလေးရှားနိုင်ငံသို့ ရောက်ရှိနေကြသည့် ရခိုင်က ရွှေ့ပြောင်းအလုပ်သမားများမှာ မလေးရှား အာဏာပိုင်များက ယခင်ထက် ပိုမို၍ ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်လာသဖြင့် နေထိုင်ရပ်တည်ရေး ခက်ခဲလာကြောင်း အလုပ်သမားအရေး ကူညီပေးနေသူများထံမှ သိရသည်။
မလေးရှား အာဏာပိုင်းများက နေ့စဉ်ဆိုသလို ဖမ်းဆီးစစ်ဆေးမှုများရှိနေ၍ နေအိမ်၊ စားသောက်ဆိုင်၊ စက်ရုံ၊ မွေးမြူရေးလုပ်ငန်းတို့တွင် ဝင်ရောက်လုပ်ကိုင်နေကြသူများမှာ လုံခြုံမှုကင်းမဲ့နေကြောင်း မလေးရှား ရောက် ရခိုင်အလုပ်သမားများ ပြောဆိုကြသည်။
“ကိုယ်က တရားမဝင်ဖြစ်တဲ့အတွက် ဒီမှာနေရတာက ဘယ်လိုမှ မလုံခြုံဘူး။ အိမ်နားကလူတွေ တိုင်ကြားလို့ ဖမ်းဆီးခံရတာ ပိုများတယ်။ အော်ပရာစီက နေ့တိုင်းလိုလို ဖမ်းနေတာလေ။ ရခိုင်သားတွေလည်း နေ့တိုင်း အဖမ်းရတာရှိပါတယ်” ဟု မလေးရှားရောက် ရခိုင်အလုပ်သမား ဒေါ်ချိူချိုက ပြောသည်။
နိုဝင်ဘာ ၂၆ ရက်တွင် မလေးရှားနိုင်ငံ၊ အမ်ပန်းမြို့၊ ပန်ဒါမေဝါအိမ်ရာတွင် တရားမဝင်နေထိုင်နေသည့် မြန်မာနိုင်ငံသား ၈၉ ဦးဖမ်းဆီးခံခဲ့ရပြီး ရခိုင်က အလုပ်သမားအချို့ဝင်ပါခဲ့သည်။
ထို့အပြင် နိုဝင်ဘာ ၂၄ ရက်က မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ ကူလိုင်းမြို့တွင် မြန်မာနိုင်ငံသား ၂၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ရခိုင်က ၄ ဦးပါဝင်သည်။
နိုဝင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်အတွင်း ဂျိုဟိုးပြည်နယ်ရှိ စားသောက်ဆိုင်အသီးသီးသို့ အော်ပရာစီ ဝင်ရောက်ခဲ့သဖြင့် မြန်မာနိုင်ငံ ၅၀ ကျော်ဖမ်းဆီးခံရသည့်အထဲတွင်လည်း ရခိုင်အလုပ်သမား အများအပြားပါဝင်ခဲ့ကြောင်း ကူညီပေးနေသူများထံမှ သိရသည်။
“အရင်က ဖမ်းဆီးမှုတွေ ရှိခဲ့ပေမယ့် ဒီလောက်ထိ မကြမ်းဘူး။ ဒီလရယ် ပြီးခဲ့တဲ့ နှစ်လလောက်ကဆိုရင် နေ့တိုင်း ဖမ်းနေတာ။ အဖမ်းခံရတဲ့ သူတွေလည်း အာမခံနဲ့ မလွတ်တော့ဘူး။ ချုပ်ရက်စေ့ရင် မြန်မာနိုင်ငံကို အပို့ခံရတယ်။ ဒီမှာအလုပ်လုပ်ရတာ တော်တော်လည်း ခက်ခဲပါတယ်” ဟု မလေးရှားရောက် ရခိုင်ဒေသခံ ကိုကျော်မင်းဌေးက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း အော်ပရာစီဝင်ရောက်မှုကြောင့် မလေးရှေားနိုင်ငံရှိ ဂျိုဟိုး၊ ဘူကစ်ဘင်တန်၊ မလာကာ၊ ရှားအလမ်၊ စံခလဘူရီ၊ ပီနန်း၊ ဆန်တိုစာ၊ အမ်ပန်းစသည့် မြို့များရှိ စက်ရုံအလုပ်ရုံ၊ နေအိမ်၊ စားသောက်ဆိုင်များတွင် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား ၆၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာမှစ၍ မလေးရှား အာဏာပိုင်များက အော်ပရာစီ စစ်ဆင်ရေးအနေဖြင့် နိုင်ငံအတွင်း တရားမဝင်နေထိုင်သည့် နိုင်ငံခြားသားများကို နေအိမ်၊ အလုပ်လုပ်ကိုင်သည့် စက်ရုံများ၊ စားသောက်ဆိုင်များသို့ ဝင်ရောက်ဆီးနေခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူများကို ယခင်က မလေးရှားငွေ (ရင်းဂစ်) ခြောက်ထောင်မှ ရှစ်ထောင်အထိပေးကာ အာမခံဖြင် ပြန်လည်လွှတ်ပေးသော်လည်း လက်ရှိတွင် အာမခံမပေးဘဲ ထောင်ဒဏ်ချမှတ်ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ကြောင်း မလေးရှားရောက် ရခိုင်အလုပ်သမားများထံမှ သိရသည်။
မလေးရှားနိုင်ငံအတွင်း ရခိုင်အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတစ်ဦးက “ မလေးရှားမှာ ဘဝပျက်နေတဲ့ သူ တွေအများကြီး ရှိတယ်။ အဖမ်းအဆီးများတော့ အပြင် မထွက်ရဲကြတော့ အလုပ်ရှာမရဘူး။ မြန်မာနိုင်ငံသား တွေဆိုရင် အလုပ်မခန့်ကြတာလည်းရှိတယ်။ တချို့ဆိုရင် ဒီကိုရောက်နေတာ နှစ်လကျော်နေပြီ အခုထိ အလုပ် မရကြသေးဘူး”ဟု ပြောသည်။
မလေးရှားနိုင်ငံတွင် တရားဝင်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား သုံးသိန်းခန့်နှင့် တရားမဝင် အလုပ်သမား နှစ်သိန်းခန့်ရှိကြောင်း အလုပ်သမားအရေးကူညီဆောင်ရွက်နေသူများက ခန့်မှန်းကြသည်။
ဒေသတွင်း စစ်ရေးပဋိပက္ခ၊ အလုပ်အကိုင်ရှားပါးခြင်းတို့ကြောင့် ရခိုင်ဒေသခံအများအပြားမှာ မလေးရှား အပါအဝင် ပြည်ပနိုင်ငံများသို့သွားရောက်ကာ အလုပ်လုပ်ကိုင်လျက်ရှိနေကြသည်။