ANP လူငယ်ခေါင်းဆောင်ဟောင်း ကိုဂန်ဘာရီ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံရ

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၀ (ည) ဖြင့် တရားစွဲခံထားရသော ရခိုင်အမျိုးသားပါတီ (ANP) မှ လူငယ်ခေါင်းဆောင်ဟောင်း ကိုဂန်ဘာရီ (ခ) ကိုခင်ဝင်းမောင် ကို စစ်ကောင်စီက ထောင်ဒဏ် (၁၂) နှစ် ချမှတ်လိုက်ကြောင်း သိရသည်။ 

By Admin 06 Dec 2024

ရခိုင်အမျိုးသားပါတီ (ANP) မှ လူငယ်ခေါင်းဆောင်ဟောင်း ကိုဂန်ဘာရီ (ခ) ကိုခင်ဝင်းမောင်။ ဓာတ်ပုံ - ANP
ရခိုင်အမျိုးသားပါတီ (ANP) မှ လူငယ်ခေါင်းဆောင်ဟောင်း ကိုဂန်ဘာရီ (ခ) ကိုခင်ဝင်းမောင်။ ဓာတ်ပုံ - ANP

DMG ၊ ဒီဇင်ဘာ ၆

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၀ (ည) ဖြင့် တရားစွဲခံထားရသော ရခိုင်အမျိုးသားပါတီ (ANP) မှ လူငယ်ခေါင်းဆောင်ဟောင်း ကိုဂန်ဘာရီ (ခ) ကိုခင်ဝင်းမောင် ကို စစ်ကောင်စီက ထောင်ဒဏ် (၁၂) နှစ် ချမှတ်လိုက်ကြောင်း သိရသည်။ 

ကိုဂန်ဘာရီကို ရန်ကုန်တိုင်း၊ မရမ်းကုန်းခရိုင်တရားရုံးမှ နိုဝင်ဘာ ၂၉ ရက်တွင် နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်ခြင်းဟု ၎င်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

“ထောင်ချတာက အကြမ်းဖက်မှုပုဒ်မ ၅၀ (ည)နဲ့ ချလိုက်တာ။ မနေ့ကတော့ သူ့အဖေက ထောင်ဝင်စာတွေ့ဖို့ သွားခဲ့တယ်။ ရပ်ကွက်ထောက်ခံစာ မပါလို့ မတွေ့ခဲ့ရဘူး” ဟု သူက ပြောသည်။ 

ကိုဂန်ဘာရီကို ပြီးခဲ့သည့် မေလ ၃၁ ရက်က လှိုင်မြို့နယ်ရှိ နေအိမ်၌ရှိနေစဉ် စစ်ကောင်စီတပ်သားများက ဖမ်းဆီးသွားခဲ့သည်။ အဖွဲ့အစည်းတစ်ခုနှင့် ပတ်သက်ဆက်နွယ်ပြီး ငွေကြေးချိတ်ဆက်မှု ရှိသည်ဟုဆိုကာ တရားစွဲဆိုခံပြီး ၇ လကြာ ရုံးထုတ်စစ်ဆေးပြီးနောက် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံလိုက်ရခြင်းဖြစ်သည်။ 

ရခိုင်ပြည်၊ ပေါက်တောမြို့နယ်ဇာတိ ကိုဂန်ဘာရီမှာ ရခိုင်အမျိုးသားပါတီ၊ ဗဟိုကော်မတီဝင် Youth Wing ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ပြီး စစ်ဘေးရှောင်အရေးတွင် ကူညီရေးလုပ်ဆောင်နေသူ ဖြစ်သည်။

 “စစ်ကောင်စီက အိမ်ထဲဝင်ပြီးတော့ ဧည့်စာရင်းစစ်တာတွေ၊ မတရားဖမ်းဆီးတာတွေ လုပ်နေတဲ့အတွက် ရန်ကုန်မှာ စစ်ဘေးရှောင်နေတဲ့ ရခိုင်လူမျိုးတွေ သတိထားပြီးတော့ သွားလာသင့်တယ်” ဟု ရန်ကုန်ရောက် ရခိုင်လူငယ်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်ကလည်း ရခိုင်၊ မြန်မာ တေးသံရှင် ဆုမြတ်ထက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် အကြမ်းဖက်မှုဥပဒေပုဒ်မဖြင့် တရားစွဲဆိုထားသည်။ 

စစ်ကောင်စီသည် ရန်ကုန်ရောက် ရခိုင်လူငယ်များ၊ လူမှုရေးတက်ကြွလှုပ်ရှားသူများများကို ပစ်မှတ်ထားကာ အကြောင်းပြချက်အမျိုးမျိုးဖြင့် ဖမ်းဆီးထောင်ချမှုများရှိနေ၍ လုံခြုံမှုကင်းမဲ့နေရသည်ဟု ပြောဆိုကြသည်။