နေရပ်ပြန်ရေး တွန့်ဆုတ်နေကြသူများ

အာရက္ခတပ်တော်(AA) သည် ရခိုင်က မြို့နယ် ၁၀ ခုနှင့် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး အချို့မြို့နယ်က ဒေသခံများမှာ မိမိဇာတိနေရပ်သို့ ပြန်ခွင့်သာပြီဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များစွာ ရှိနေသေးသည်။ 

By Admin 22 Oct 2024

ပလက်ဝမြို့နယ်၊ နှမဒါကျေးရွာမှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးအား တွေ့ရစဉ်။  
ပလက်ဝမြို့နယ်၊ နှမဒါကျေးရွာမှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးအား တွေ့ရစဉ်။  

DMG ၊ အောက်တိုဘာ ၂၂

အာရက္ခတပ်တော်(AA) သည် ရခိုင်က မြို့နယ် ၁၀ ခုနှင့် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး အချို့မြို့နယ်က ဒေသခံများမှာ မိမိဇာတိနေရပ်သို့ ပြန်ခွင့်သာပြီဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များစွာ ရှိနေသေးသည်။ 

ကုလားတန်မြစ် အရှေ့ဘက်ကမ်း ပလက်ဝမြို့နယ်ရှိ နှမဒါ၊ စဉ့်ညှင်းဝ၊ မီးလက်ဝ၊ မီးကျောင်းတက်စသည့် ကျေးရွာများတွင် မိုင်းရှင်းလင်းခြင်းမရှိဘဲ ဒေသခံအချို့မှာ ယခုနှစ်မတ်လအတွင်း နေရပ်ပြန်ခဲ့သော်လည်း အများစုမှာ ယနေ့အချိန်ထိ နေရပ်မပြန်နိုင်ဘဲ ကျန်ရှိနေသည်။ 
 
ယင်းဒေသတွင် မပေါက်ကွဲသေးသည့် မိုင်းအများအပြားရှိနေသေးသဖြင့် ဒေသခံများမှာ တောင်ယာလုပ်ငန်းလုပ်ကိုင်စားသောက်ရန် အခက်အခဲရှိနေကြောင်း ကာယကံရှင်များက ပြောသည်။ 

“ရွာမှာက မိုင်းတွေ အများကြီးရှိတာကြောင့် တောတောင်ကိုလည်း သွားမရဘူး။ တောတောင်ကို ဝင်မရတော့ သွားရင်လည်း ဘာမှမထူးဘူး။ ဒီမှာနေတုန်း ကိုယ်လက်အင်္ဂါ အကောင်းအတိုင်း ရွာကိုပြန်ပြီးမှ အသက်အန္တရာယ်ကို ထိခိုက်မှာကို အများကြီးစိုးရိမ်ရတယ် ”  ဟု မီးလက်ဝကျေးရွာမှ ဒေါ်မလှသိန်းက ဆိုသည်။ 

လက်ရှိတွင် ပလက်ဝဒေသက ကျေးရွာအချို့နေရာများကို အာရက္ခတပ်တော်က မိုင်းရှင်းလင်းပေးမှုများရှိသော်လည်း အလုံစုံမဖြစ်နိုင်သေးသဖြင့် မိုင်းအန္တရာယ်ရှိနေခြင်းဖြစ်သည်။

နေရပ်ပြန်သွားကြသည့် ဒေသခံများမှာ မိုင်းအန္တရာယ်ကြောင့် တောင်ယာမလုပ်ကိုင်နိုင်သည့်အပြင် တစ်ဖက်မှာ ငွေကြေးအဆင်မပြေ၍ နေအိမ်ဆောက်လုပ်ရန် အခက်အခဲရှိနေသည်ဟု ဒေသခံများက ပြောသည်။ 

ပြီးခဲ့သည့် မေ ၂၁ ရက်က နှမဒါကျေးရွာမှ အမျိုးသမီးတစ်ဦးမှာ ဟင်းရှာသွားစဉ် မိုင်းနင်းမိ၍ ခြေထောက် နှစ်ဖက်ပြတ်သွားခဲ့သည်။ ပလက်ဝမြို့နယ်တွင် ဧပြီလနှင့် မေလအတွင်း မိုင်းနင်းမိ၍ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။ 

ထိုသို့ မိုင်းအန္တရာယ်ကြောင့် နေရပ်သို့ပြန်ရန် တွန့်ဆုတ်နေကြခြင်းဖြစ်သည်ဟု နှမဒါကျေးရွာမှ ဦးအောင်ကျော်လှက ပြောသည်။ 

“ လေးငါးနှစ် ထိုင်စားလိုက်တာ ပါလာတဲ့ ပစ္စည်းဥစ္စာလည်း ဘာမှမရှိတော့ဘူး။ ပြန်သွားဖို့အတွက် ငွေကြေး လည်း မရှိဘူး။ ရောက်သွားရင်လည်း ကိုယ်က အလုပ်လည်းမလုပ်နိုင်။ တောတောင်ကိုလည်း မသွားရဲ။ မဖြစ်မနေ ဝင်ရမယ်ဆိုရင်လည်း နေရာတိုင်းမှာက မိုင်းရှိတယ်။ အဲဒါကြောင့် တောတောင်မှာလည်း အလုပ်မလုပ်ရဲဘူး။ ကိုယ့်ရွာပြန်ဖို့က အခက်အခဲအများကြီးရှိတယ် ”ဟု ဦးအောင်ကျော်လှက ပြောသည်။ 

ယင်းဒေသတစ်လျှောက်တွင် စစ်ကောင်စီသည် ၃ နှစ်ကျော်ကြာ တပ်စွဲနေထိုင်ခဲ့သည့်အပြင် တိုက်ပွဲများပြင်းထန်ခဲ့သည့် နေရာတစ်ခုဖြစ်၍ မိုင်းအရေအတွက် များစွာရှိနေသေးကြောင်း ပြောဆိုကြသည်။ 
 
မိုင်းအန္တရာယ်အပြင် နေအိမ်ဆောက်လုပ်ရန် ငွေကြေးနှင့် လုပ်ကိုင်စားသောက်ရန် ကျွဲနွားစသည့် အထောက်အကူများ ဆုံးရှုံးသွား၍ နေရပ်မပြန်နိုင်သေးကြခြင်းဟု စစ်ဘေးရှောင်များက ဆိုသည်။ 

“ အရင်တုန်းကလို လွတ်လပ်လွတ်လပ်နဲ့ လုပ်ကိုင်စားသောက်နေထိုင်ဖို့ နေရာတစ်ခု လိုပါတယ်။ မျှစ်ခူးလို့ပဲ စားစား၊ တခြားတောတောင်ကို မှီခိုပြီး လုပ်ကိုင်စားသောက်လို့ရအောင်။ မိုင်းရှင်းတဲ့ အခါမျိုးမှာလည်း ရွာပတ်လည်လောက် ရှင်းလင်းတာမဟုတ်ပဲ စစ်သားတွေ နေထိုင်ခဲ့တဲ့ တောနား၊ တောင်နား အကုန်လုံးကို ရှင်းလင်းစေချင်တယ်” ဟု မီးလက်ဝကျေးရွာမှ ဒေါ်လှစောယိုင်က ပြောသည်။ 

အခက်အခဲအမျိုးမျိုးကြောင့် နေရပ်မပြန်နိုင်သေးသည့် ပလက်ဝဒေသခံများမှာ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတို့နှင့် ဆွေမျိုးနေအိမ်များမှာ နေထိုင်နေကြသည်။ 

ပြီးခဲ့သည့် ၂၀၁၉ -၂၀၂၀ ခုနှစ်က စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ တိုက်ပွဲကြောင့် ရခိုင်နှင့် ပလက်ဝ မြို့နယ်တွင် စစ်ဘေးရှောင် ၆ သောင်းနီးပါးရှိခဲ့ပြီး ယင်းအထဲမှ အများစုမှာ နေရပ်ပြန်သွားပြီ ဖြစ်သော်လည်း အနည်းစုမှာ ယနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ ကျန်ရှိနေသေးသည်။