- ပုဏ္ဏားကျွန်းတွင် လက်နက်ကြီးကျ၍ အမျိုးသားတစ်ဦးသေဆုံး၊ အမျိုးသမီးလေးဦး ဒဏ်ရာရ
- ထိုင်းရောက် မြန်မာလုပ်သားများ အထောက်အထား သက်တမ်းတိုးရန် ခက်ခဲနေ
- တောင်ကုတ်မှ ထွက်ပြေးစစ်ကောင်စီတပ်က နိုင်ကျဉ်းများကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွား
- စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဂွမြို့တွင်းနေအိမ်များ မီးလောင်
- တရုတ်နဲ့ AA ဆွေးနွေးမှု ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာနိုင်သလဲ
ဝါးတောင် စစ်ဘေးရှောင်များကို ယခုလကုန်အထိသာ စခန်းထဲ နေခွင့်ပြုတော့မည်
စစ်ဘေးရှောင်များမှာ ဝါးတောင်ကျေးရွာမှ မြေပိုင်ရှင် ၂ ဦး၏ မြေနေရာတွင် ငှားရမ်းနေထိုင်ကြခြင်း ဖြစ်ပြီး မြေနေရာအား ဆက်လက်မငှားရမ်းတော့၍ ဒီဇင်ဘာလကုန်အထိသာ နေထိုင်ခွင့်ရရှိတော့မည် ဖြစ်သည်။
16 Dec 2024
DMG ၊ ဒီဇင်ဘာ ၁၆
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ဝါးတောင်စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များကို ယခု ဒီဇင်ဘာလကုန်အထိသာ မြေပိုင်ရှင်က နေခွင့်ပေးထား၍ ဆက်လက်နေထိုင်ရေး အခက်တွေ့နေကြောင်း စစ်ဘေးရှောင်များက ပြောသည်။
စစ်ဘေးရှောင်များမှာ ဝါးတောင်ကျေးရွာမှ မြေပိုင်ရှင် ၂ ဦး၏ မြေနေရာတွင် ငှားရမ်းနေထိုင်ကြခြင်း ဖြစ်ပြီး မြေနေရာအား ဆက်လက်မငှားရမ်းတော့၍ ဒီဇင်ဘာလကုန်အထိသာ နေထိုင်ခွင့်ရရှိတော့မည် ဖြစ်သည်။
“မြေပိုင်ရှင်ကလည်း မောင်းထုတ်နေပြီ။ ရွာပြန်ရင် အလုပ်မရှိဘူး။ ဆေးရုံ၊ ဆေးခန်းနဲ့လည်းဝေးတယ်။ ကျမတို့ရွာက အရမ်းခေါင်တယ်။ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေဘူး။ အဲဒါကြောင့် ဒီမှာပဲ ဆက်ပြီးနေချင်တယ်” ဟု ဝါးတောင်စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတစ်ဦးက ပြောသည်။
ကျောက်တော်မြို့နယ် ယိုးချောင်းအထက်ပိုင်းဒေသ ခမောင်း၊ ပြိန်းချောင်း၊ ဂင်ပိ၊ တဲဝ၊ လေကွေ့၊ ပညာဝ၊ ငစရိုင်းကိုင်း၊ ရှင်းမဝန်တောင်း စသည့်ကျေးရွာများမှ အိမ်ထောင်စု ၂၀၀ ကျော်၊ လူဦးရေ စုစုပေါင်း ၂,၀၀၀ ခန့်မှာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတိုက်ပွဲများကြောင့် ဝါးတောင်ကျေးရွာရှိ စစ်ရှောင်စခန်းတွင် လာရောက်ခိုလှုံခဲ့ကြသည်။
စစ်ဘေးရှောင်အများအပြားမှာ မြေနေရာအခက်အခဲကြောင့် တောင်မင်းကုလား စစ်ရှောင်စခန်းသို့ ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း ပြောင်းရွေ့ခဲ့ကြသည်။ လက်ရှိ ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၁၀၀ ခန့်နှင့် စစ်ဘေးရှောင်ဦးရေ ၃၀၀ ဝန်းကျင် ကျန်ရှိနေသေးပြီး မြိုလူမျိုး အများစုပါဝင်ကြောင်း သိရသည်။
ဝါးတောင် ကျေးရွာသားတစ်ဦးက “မြေပိုင်ရှင်မှာလည်း မြေကို အလိုရှိလာလို့ သူတို့ကို ဆက်မငှားတော့တာ။ ပြီးတော့ သူတို့တွေလည်း အိမ်ပြန်လို့ရပြီလေ။ သူတို့ရွာတွေက စစ်ပွဲဧရိယာထဲမှာလည်း မရှိတော့ဘူး” ဟု ပြောသည်။
အဆိုပါ စစ်ဘေးရှောင်များ၏ မူလကျေးရွာများမှာ မြို့နှင့်ဝေးလံပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိ၍ ကျန်းမာရေး၊ ပညာရေး စသည့် ကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးလျက်ရှိနေသည်။ ထို့ကြောင့် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေပြီး အလုပ်အကိုင်အခွင့်အလမ်းရှိသော ဝါးတောင်စစ်ဘေးရှောင်၌သာ ဆက်လက်နေထိုင်လိုကြကြောင်း စစ်ဘေးရှောင်များက ပြောသည်။
စစ်ဘေးရှောင်အမျိုးသားတစ်ဦးက “ဒီမှာဆိုရင် ကန်စောက်ရွာ အထက်တန်းကျောင်းလည်း ရှိတယ်။ သားသမီးပညာရေးလည်း အဆင်ပြေတယ်။ ရွာမှာနေရင် သားသမီးတွေ အတန်းကြီးလာရင် မြို့ပေါ်မှာ အကုန်အကျခံပြီး စာသင်ရတယ်။ အဲဒါကြောင့် ဒီမှာပဲ ဆက်နေချင်တယ်” ဟု ပြောသည်။
စစ်ဘေးရှောင်များမှာ မြေနေရာအတွက် တစ်ဧကကို တစ်နှစ်စာ ၅ သိန်းနှုန်းဖြင့် ၅ ဧကအတွက် ငွေကျပ် ၂၅ သိန်း မြေပိုင်ရှင်ကို ပေးရကြောင်း သိရသည်။
လက်ရှိတွင် ဝါးတောင်စခန်းမှ စစ်ဘေးရှောင်များမှာ ကူညီကယ်ဆယ်ရေးမရရှိ၍ ကြုံရာကျပန်း လုပ်ကိုင် စားသောက်နေကြပြီး မြေနေရာငှားရမ်းခအတွက်ပါ ပေးနေရသည်။