ပိုးသတ်ဆေး မဖျန်းနိုင်၍ ရခိုင်က ဆောင်းသီးနှံစိုက်ခင်းများ ပျက်စီးမှုရှိလာ

ဆောင်းသီးနှံစိုက်ခင်းများ၌ အသုံးပြုသည့် ဓာတ်မြေဩဇာတစ်အိတ်ကို ငွေကျပ် လေးသိန်းအထိ ပေါက်ဈေးရှိနေပြီး ယမန်နှစ်က ငွေကျပ် တစ်သိန်းခန့်သာ ရှိခဲ့သည်။

By Admin 25 Nov 2024

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း မြင်တွေ့ရသော မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းဒေသက မြေပဲစိုက်ခင်းတစ်ခု။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း မြင်တွေ့ရသော မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းဒေသက မြေပဲစိုက်ခင်းတစ်ခု။

DMG ၊ နိုဝင်ဘာ ၂၅ 

ရခိုင်ဒေသတွင် ဆောင်းသီးနှံစိုက်ပျိုးမှုအတွက် လိုအပ်သော ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာ ဈေးနှုန်များ အဆမတန်မြင့်တက်နေ၍ မသုံးစွဲနိုင်ဖြစ်နေကြောင်း တောင်သူများက ပြောသည်။

မြေပဲအပါဝင် ဆောင်းသီးနှံများ ဧကထောင်ချီ စိုက်ပျိုးထားသည့် မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းဒေသတွင် ပိုးသတ်ဆေး မဖျန်းနိုင်၍ သီးနှံပင်များ ပိုးကျပျက်စီးမှုများ ရှိလာသည်။

 “မြေပဲပင်တွေက ပိုးကျပြီး အားနည်းလာတယ်။ ပိုးသတ်ဆေး ဖျန်းဖို့လိုတယ်။ ဒါပေမယ့် ပိုးသတ်ဆေးထုပ်က တော်တော်လေးဈေးကြီးတော့ မဝယ်နိုင်ဘူး” ဟု လေညင်းတောင်ကျေးရွာမှ ဆောင်းသီးနှံစိုက်တောင်သူ ဒေါ်သန်းအေးက ပြောသည်။ 

ပြီးခဲ့သည့်နှစ်က ပိုးသတ်ဆေး တစ်ထုပ်လျှင် ငွေကျပ် ၂၀,၀၀၀ ခန့်သာ ရှိခဲ့သော်လည်း လက်ရှိတွင် ငွေကျပ် ၈၀,၀၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်နေ၍ အခက်ကြုံနေရခြင်းဖြစ်သည်။ 

လက်ရှိတွင် မြေပဲခင်းများ ပျက်စီးမှုရှိလာသဖြင့် ပိုးသတ်ဆေးဖျန်းရန် လိုအပ်နေပြီး မြေပဲတစ်ဧကလျှင် ပိုးသတ်ဆေး ၃ ထုပ်မှ ၅ ထုပ် အထိ အသုံးပြုရကြောင်း ဒေါ်သန်းအေးက ပြောသည်။ 

ယင်းအပြင် ပြောင်း၊ ငရုတ်၊ ခရမ်း စသည့် ဆောင်သီးနှံစိုက် တောင်သူများမှာလည်း စိုက်ခင်းအားကောင်းရန် ဓာတ်မြေဩဇာ အသုံးပြုလိုကြသော်လည်း ဈေးနှုန်းမြင့်တက်နေမှုကြောင့် အခက်ကြုံနေကြရသည်။ 

“နှစ်တိုင်း မြေဆီထည့်တယ်။ ဒီနှစ်မှာက စိုက်ခတောင် မနည်းရုန်းကန်ပြီး စိုက်ထားရတာ။ မြေဆီထည့်နိုင်ဖို့ မဖြစ်နိုင်ဘူး။ အထွက်နှုန်း ကျရင်လည်း တတ်မှမတတ်နိုင်တာ” ဟု ကျောက်တော်မြို့နယ်၊ ဝပြန်ကျေးရွာမှ ဆောင်းသီးနှံစိုက်တောင်သူ ဦးနေမျိုးက ပြောသည်။

ဆောင်းသီးနှံစိုက်ခင်းများ၌ အသုံးပြုသည့် ဓာတ်မြေဩဇာတစ်အိတ်ကို ငွေကျပ် လေးသိန်းအထိ ပေါက်ဈေးရှိနေပြီး ယမန်နှစ်က ငွေကျပ် တစ်သိန်းခန့်သာ ရှိခဲ့သည်။

စစ်ရေးပြင်းထန်နေသော ရခိုင်ဒေသက တောင်သူများမှာ ဆောင်းသီးနှံများကို သွင်းအားစုစရိတ် မြင့်မားမှုအပြင် စိန်ခေါ်မှုအမျိုးမျိုးကြားမှ စိုက်ပျိုးထားကြခြင်း ဖြစ်သည်။ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ အသုံးမပြုနိုင်၍ စိုက်ခင်းများ ထိခိုက်ပြီး အထွက်နှုန်းကျဆင်းမည်ကို တောင်သူများက စိုးရိမ်နေကြရသည်။

တောင်သူလယ်သမားအရေး လှုပ်ရှားသူ ဦးစိုးနိုင်က “ဆောင်းသီးနှံက ဒေသတွင်း ဟင်းသီးဟင်းရွက် ဖူလုံရေး အတွက် အရမ်းအရေးကြီးတယ်။ အထူးသဖြင့် ပြည်မက ငရုတ်သီးတွေ၊ ဂေါ်ဖီထုပ်တွေ စတဲ့ ဟင်းသီးဟင်းရွက်တွေ မစီးဆင်းနိုင်တော့ ဒေသတွင်းစိုက်ခင်းတွေကိုပဲ အားကိုးရမှာပေါ့။ အဲဒါကြောင့် လက်ရှိ ULA အစိုးရအနေနဲ့ ဆောင်းသီးနှံ စိုက်ပျိုးရေးကဏ္ဍကို အလေးထားဖို့လိုတယ်” ဟု ပြောသည်။

မိုးစပါးနှင့် ဆောင်းသီးနှံကိုသာ အဓိက စိုက်ပျိုးကြသည့် ရခိုင်ဒေသတွင် ဆောင်းသီးနှံ ဧက ၅၄၂,၀၀၀ ကျော်ရှိပြီး လက်ရှိတွင် ဆောင်းသီးနှံစိုက်ဧက ၆၀ ရာခိုင်နှုန်း လျော့ကျသွားကြောင်း ရခိုင်ပြည် တောင်သူလယ်သမားသမဂ္ဂ၏ စာရင်းအရ သိရသည်။