တော်လှန်‌ရေးအဖွဲ့များကို စစ်ကောင်စီက ငြိမ်းချမ်းရေးဖိတ်ခေါ်မှု နိုင်ငံရေးပါတီများ ထောက်ခံ

နိုင်ငံရေးပါတီများထဲတွင် ရခိုင်ပြည်အခြေစိုက် ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီ တို့လည်းပါဝင်သည်။

By Admin 30 Sep 2024

စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများမှာ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့က တွေ့ဆုံစဉ်။ ဓာတ်ပုံ - MOI
စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများမှာ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့က တွေ့ဆုံစဉ်။ ဓာတ်ပုံ - MOI

DMG ၊ စက်တင်ဘာ ၃၀

တော်လှန်ရေးအင်အားစုများကို စစ်ကောင်စီက နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ခြင်းကို ထောက်ခံကြောင်း နိုင်ငံရေးပါတီ (၂၆) ခုက စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပူးတွဲထုတ်ပြန်ချက်ကို မြန်မာ့ အလင်း သတင်းစာတွင် ဖော်ပြသည်။

စစ်ကောင်စီကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီ ဦးဆောင်သော နိုင်ငံရေးပါတီများ၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖိတ်ခေါ်မှုကိုငြင်းဆန်ပြီး လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်နေကြသည့် အဖွဲ့အစည်းများကြောင့် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးကို အဟန့်အတားဖြစ်စေပြီး ပြည်သူတစ်ရပ်လုံးကလည်း လိုလားခြင်းမရှိဟု ဆိုသည်။ 

နိုင်ငံရေးပါတီများထဲတွင် ရခိုင်ပြည်အခြေစိုက် ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီ တို့လည်းပါဝင်သည်။

ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးဦးသန်းဌေးက “ကျနော်တို့က နိုင်ငံရေးပါတီဖြစ်တယ်။ အဲဒါကြောင့် ပါတီရဲ့သဘောသဘာဝအရ ငြိမ်းချမ်းရေးပဲ လိုချင်တာပေါ့။ အစဉ်အဆက်တိုက်ခိုက်မှုတွေက ပြည်သူတွေပဲ အဓိက ခံကြရတယ်။ သဘောကတော့ ငြိမ်းချမ်းချင်တာပေါ့ဗျာ ” ဟု ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေးအင်အားစုများ အနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးပါတီလမ်းကြောင်းမှ (သို့မဟုတ်) ရွေးကောက်ပွဲမှ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် စစ်ကောင်စီက စက်တင်ဘာ ၂၆ ရက်တွင် ဖိတ်ခေါ်ထားသည်။ 

သို့သော်လည်း စစ်ကောင်စီ ဖိတ်ခေါ်မှုသည် နိုင်ငံရေးအမြတ်ထုတ်မှု တစ်ခုသာ၍ လက်ခံညှိနှိုင်းမည်မဟုတ်ဘဲ စစ်မှတ်သော ဖယ်ဒရယ်စနစ် ပေါ်ပေါက်ရေးကိုသာ ကြိုးပမ်းသွားမည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီက စက်တင်ဘာ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီလုပ်သမျှကို ထောက်ခံနေကြသည့် နိုင်ငံရေးပါတီများမှာ ပြည်သူလူထုထောက်ခံမှု တစ်စုံတစ်ရာ မရှိဘဲ ကိုယ်ကျိုးအတွက်သာ လုပ်နေကြသည့်အဖွဲ့များဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

“အခု မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကိစ္စ နိုင်ငံရေးပါတီတွေအကြောင်း ဘယ်ပြည်သူကမှ စိတ်မဝင်စားသလို ထောက်ခံတာလည်း မတွေ့ရပါဘူး။ ပါတီအများစုကတော့ ဒေသဆိုင်ရာ အဖွဲ့အစည်းငယ်တွေပဲ ဖြစ်မှာပါ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

နိုင်ငံရေးပါတီ (၂၆) ဖွဲ့သည် စက်တင်ဘာ ၂ ရက်နေ့မှာ စစ်ကောင်စီ ကြေညာခဲ့သည့် မြောက်ပိုင်းညီနောင် ၃ ဖွဲ့အား အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ခြင်းကိုလည်း ထောက်ခံထားကြသေးသည်။ 

စစ်ကောင်စီသည် လာမည့်နှစ်အတွင်း ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဟု ပြောထားပြီး ယခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အတွင်း သန်းခေါင်စာရင်းကောက်ရန် ပြင်ဆင်ထားပြီးဖြစ်သည်။