- ဂွတိုက်ပွဲ နှစ်ရက်ဆက်တိုက် ပြင်းပြင်းထန်ထန်ဖြစ်ပွား
- အလိုရှိနေသော တရုတ်ဟက်ကာကို အမေရိကန်က ဒေါ်လာ ၁၀ သန်း ဆုကြေးထုတ်
- မွတ်ဆလင်လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း AA ပြော
- မြန်မာ့စီးပွားရေး ၁ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာဘဏ် သတိပေး
- ရခိုင်ပြည်သူတစ်ရပ်လုံး၏ ရည်မှန်းချက် အပြည့်အဝရရှိရန် ဆက်လက်ကြိုးပမ်းနေဟု AA ပြော
ဆေးဝါးပြတ်နေသည့် ရခိုင်တွင် တီဘီရောဂါဖြစ်ပွားမှု များလာ
ကျောက်တော်မြို့နယ်၊ လမ်းပိုက်ခွင်ကျေးရွာမှ တီဘီဝေဒနာရှင် အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးမှာ ဆေးဝါးပြတ်လပ်ပြီးနောက် ရောဂါပြင်းထန်လာသဖြင့် နိုဝင်ဘာ ၁၉ ရက်နေ့တွင် သေဆုံးသွားခဲ့ရသည်။
06 Dec 2024
DMG ၊ ဒီဇင်ဘာ ၆
စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့မှုကြောင့် ဆေးဝါးပြတ်လပ်နေသည့် ရခိုင်ဒေသတွင် တီဘီရောဂါဖြစ်ပွားမှု များပြားလာနေကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းများထံမှ သိရသည်။
ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့်မြို့နယ်များတွင် တီဘီရောဂါဖြစ်ပွားသူ များပြားလာနေပြီး ဆေးဝါးများလည်း ပြတ်လပ်နေကြောင်း ပြောဆိုကြသည်။
“အခု ဆေးခန်းကို တီဘီလူနာတွေ အများကြီးရောက်ကြတယ်။ တီဘီရောဂါက ကူးစက်နှုန်းမြန်တဲ့အတွက် ရောဂါဖြစ်သူတွေလည်း တိုးလာနေတယ်။ တီဘီဆေးကလည်း ရှာမရတော့ ရောဂါဝေဒနာရှင်တွေအတွက် အသက်အန္တရာယ် စိုးရိမ်ရတယ်” ဟု မြောက်ဦးမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
တီဘီရောဂါဖြစ်ပွားနှုန်း များပြားလာမှုနှင့်အတူ ဆေးဝါးပြတ်လပ်မှုကြောင့် အသက်သေဆုံးမှုထိ ရှိနေသည်။ ကျောက်တော်မြို့နယ်၊ လမ်းပိုက်ခွင်ကျေးရွာမှ တီဘီဝေဒနာရှင် အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးမှာ ဆေးဝါးပြတ်လပ်ပြီးနောက် ရောဂါပြင်းထန်လာသဖြင့် နိုဝင်ဘာ ၁၉ ရက်နေ့တွင် သေဆုံးသွားခဲ့ရသည်။
“သူက တီဘီဆေးသောက်နေရတာ။ တီဘီဆေးပြတ်တော့ ရောဂါက အပြင်းအထန်ဖြစ်လာတယ်။ မြို့နယ်သုံးခုလောက်ကို ပတ်ပြီးတော့ ဆေးရှာကြည့်သေးတယ်။ ဒါပေမယ့် ဆေးက လုံးဝရှာမရလို့ ဆုံးသွားတာ” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
တီဘီရောဂါဝေဒနာရှင်များမှ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ သီချင်းဆိုခြင်း၊ ရယ်မောခြင်းဖြင့် တီဘီပိုးပါသော သလိပ်အမှုန်အမွှားလေးများသည် လေထဲတွင်ပျံ့လွှင့်နေပြီး ၎င်းလေကို ရှူရှိုက်မိသူများ၏ အဆုတ်တွင်းသို့ အသက်ရှူလမ်းကြောင်းမှတဆင့် ၀င်ရောက်၍ ရောဂါကူးစက်မှုကို ဖြစ်စေနိုင်သည်။
တီဘီရောဂါဝေဒနာရှင်များမှာ ပုံမှန်သောက်သုံးနေကျ ဆေးမရရှိပါက ကိုယ်ခံအားကျဆင်းပြီး အသက်သေဆုံးမှုအထိ ရှိနိုင်သည်။ လက်ရှိတွင် ဆေးဝါးပြတ်လပ်နေ၍ ပိုးသတ်ဆေးများကို အသုံးပြုနေရကြောင်း ကျောက်တော်မြို့မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
“အရင်လတွေက တီဘီဆေးရှာမရလို့ ရောဂါကို ထိန်းပေးတဲ့အနေနဲ့ ပိုးသတ်ဆေးတွေပဲ အသုံးပြုပြီးတော့ ထိုးရတယ်။ တီဘီရောဂါတွေက ကူးစက်မှုမြန်တယ်။ မိသားစုတစ်စုမှာ တစ်ယောက်ဖြစ်ရင် နောက်လူတွေကိုလည်း ကူးစက်နိုင်တယ်။ အခုဆိုရင် တီဘီရောဂါဖြစ်ပွားမှု မြင့်တက်နေတယ်လို့ ပြောလို့ရတယ်” ဟု သူက ပြောသည်။
မြောက်ဦးမြို့မှ တီဘီရောဂါဝေဒနာရှင် အမျိုးသမီးတစ်ဦးက “ရခိုင်က မြို့နယ်တွေမှာ ဆေးရှာမရလို့ ပလက်ဝမြို့နယ်ထိ သွားပြီးတော့ ဆေးဝယ်နေရတယ်။ ဆေးဈေးတွေကလည်း အဆမတန် ဈေးကြီးတယ်။ ဆေးက လတိုင်းပုံမှန် သောက်နေရတာဆိုတော့ ဈေးကြီးရင်လည်း ဝယ်သောက်နေရတာပဲ” ဟု ပြောသည်။
ရခိုင်ပြည်တွင် တိုက်ပွဲစသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစကာ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားသည်မှာ တစ်နှစ်ကျော်ထိ ကြာမြင့်လာနေပြီး ဒေသခံများမှာ ကုန်ပစ္စည်းပြတ်လပ်မှု၊ ဆေးဝါးပြတ်လပ်နေမှုအပြင် ဈေးနှုန်း အဆမတန်မြင့်တက်နေမှုကို ဆိုးရွားစွာ ခံစားနေရသည်။