ရက္ခိတပြက္ခဒိန် ထုတ်ဝေ၊ရောင်းချသူအပါအဝင် ၄ ဦးကို မတရားအသင်းဆက်သွယ်မှုဖြင့် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်
ရက္ခိတပြက္ခဒိန်ထုတ်ဝေရာတွင် “ရက္ခိုင့်တပ်တော်(AA) ထူထောင်သည့်နေ့စွဲ” ပါရှိသည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့် ရဲတပ်ဖွဲ့ကတရားစွဲဆိုခဲ့ပြီး ၎င်းတို့ ၄ ဦးကို ဧပြီလ ၂၂ ရက်နေ့တွင် ငပုတောမြို့နယ်တရားရုံး၌ စတင်ရုံးထုတ်ခဲ့သည်။
18 Nov 2019
ခိုင်ရိုးလ | DMG
နိုဝင်ဘာ ၁၈ ၊ စစ်တွေ
ရက္ခိတပြက္ခဒိန် ထုတ်ဝေရောင်းချသူအပါဝင် ၄ ဦးကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)နှင့် ဧရာဝတီတိုင်း ငပုတောမြို့နယ်တရားရုံးမှ ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ထောင်ဒဏ် ၂ နှစ်စီ အသီးသီး ချမှတ်လိုက်ကြောင်း အကျိုးဆောင်ရှေ့နေများထံမှ သိရသည်။
ရက္ခိတပြက္ခဒိန်ထုတ်ဝေရာတွင် “ရက္ခိုင့်တပ်တော်(AA) ထူထောင်သည့်နေ့စွဲ” ပါရှိသည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့် ရဲတပ်ဖွဲ့ကတရားစွဲဆိုခဲ့ပြီး ၎င်းတို့ ၄ ဦးကို ဧပြီလ ၂၂ ရက်နေ့တွင် ငပုတောမြို့နယ်တရားရုံး၌ စတင်ရုံးထုတ်ခဲ့သည်။
၎င်းတို့ ၄ ဦးမှာ မတရားအသင်းဆက်သွယ်မှု ပေါ်ပေါက်သည်ဟုဆိုကာ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံလိုက်ရြ ခင်းဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်မေဇော်ဦးက DMG ကို ပြောသည်။
“တရားရုံးက မတရားအသင်းဆက်သွယ်မှု ပေါ်ပေါက်တယ်ဆိုပြီး သူတို့လေးဦးကို ၁၇(၁)နဲ့ ထောင်(၂)နှစ်စီ ချမှတ်လိုက်တယ်” ဟု ၎င်းကဆိုသည်။
ကိုသိန်းအောင်မြတ်အပါအဝင် (၄)ဦးတို့ကို ဧပြီ ၆ ရက်နေ့က ဟိုင်းကြီးကျွန်း စံပြကျေးရွာတစ်ရွာတွင် ရက္ခိတပြက္ခဒိန်ရောင်းချနေစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ပြက္ခဒိန်ရောင်းချသူမှာ ကိုသိန်းအောင်မြတ်ဖြစ်ပြီး ကောင်းမြတ်သူ၊ ဘိုဆန်း၊ ဝင်းဘို တို့သုံးဦးမှာ ကားမောင်းသူ၊ အဖော်လိုက်ပေးသူတို့ဖြစ်ကြောင်း သိရသည်။
ကိုသိန်းအောင်မြတ်မှာ ရက္ခိတပြက္ခဒိန်ကို ရောင်းချနေခြင်းမှာ ၇ နှစ်အထိရှိနေပြီးဖြစ်ကာ ထိုနှစ်များကလည်း ရခိုင်ပြည်နယ်အနှံ့တွင် ထုတ်ဝေဖြန့်ချိခဲ့သည်။
AA နှင့် တစ်စုံတစ်ရာဆက်သွယ်မှုမရှိဘဲ ယခုကဲ့သို့ တရားရုံးမှ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်လိုက်ခြင်းမှာ တရားမျှတမှုမရှိဟု ကိုသိန်းအောင်မြတ်၏ ဇနီး မမိုးသန္တာခင်ကပြောသည်။
“ဒီအမှုအမိန့်ချတာဟာ မတရားဘူးလို့မြင်ပါတယ်။ ရခိုင်သားတစ်ယောက်အနေနဲ့ ရခိုင်ပြက္ခဒိန် ရောင်းချလို့ ထောင်ချတာဟာ မတရားပါ။ ခွင့်ပြုချက်မရှိပဲ ပြက္ခဒိန်ထုတ်လို့ ချရင်ချပါ။ အခုက ဘာမှမဆိုင်တဲ့သူတွေကို မတရားအသင်းဆက်သွယ်မှုနဲ့ချတာ မတရားဘူး” ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်နယ်အတွင်းတွင်လည်း ရက္ခိုင့်တပ်တော် (AA)နှင့်ဆက်စပ်ပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲဆိုခံရသူ အများအပြားရှိနေသည်။