ရက္ခိတ ပြက္ခဒိန်ရောင်းချသူအပါအဝင် လေးဦးကို ပုသိမ်ထောင်သို့ပို့

ရက္ခိတ ပြက္ခဒိန်ရောင်းချမှုဖြင့် ဖမ်းဆီး ခံထားရသူ လူ(၄) ဦးကို ယနေ့ ဧပြီလ ၂၃ ရက်နေ့တွင် ပုသိမ်းအကျဉ်း ထောင်သို့ ပို့ဆောင်လိုက်သည်ဟု ပြက္ခဒိန်ဦးဆောင်ထုတ်ဝေသူ ကိုသိန်းအောင်မြတ်၏ ဇနီး မမိုးသန္တာခင် ကပြော သည်။

By မင်းထွန်း 23 Apr 2019

ဖမ်းဆီးခံထားရသူ ကိုသိန်းအောင်မြတ် အပါအဝင် လေးဦးအား ငပုတောမြို့နယ်တရားရုံးတွင် ရုံးထုတ်စဉ်။ (ဓာတ်ပုံ-ဒွါရာဝတီ အသျှင်ကုသလ)

မင်းထွန်း | DMG

ဧပြီ ၂၃ ၊ စစ်တွေ

ရက္ခိတ ပြက္ခဒိန်ရောင်းချမှုဖြင့် ဖမ်းဆီး ခံထားရသူ လူ(၄) ဦးကို ယနေ့ ဧပြီလ ၂၃ ရက်နေ့တွင် ပုသိမ်းအကျဉ်း ထောင်သို့ ပို့ဆောင်လိုက်သည်ဟု ပြက္ခဒိန်ဦးဆောင်ထုတ်ဝေသူ ကိုသိန်းအောင်မြတ်၏ ဇနီး မမိုးသန္တာခင် ကပြော သည်။

ရက္ခိတ ပြက္ခဒိန်တွင် “ရက္ခိုင့် တပ်တော်(AA) ထူထောင်သည့်နေ့စွဲ” ပါသည်ဟုဆိုကာ  မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့် ရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့ပြီး ၎င်းတို့ ၄ ဦးကို ဧပြီလ ၂၂ ရက်နေ့ က ငပုတောမြို့နယ် တရားရုံးမှာ စတင်ရုံးထုတ်ခဲ့ကြောင်း မမိုးသန္တာခင်က ဆက်လက် ပြောသည်။

 “ဘယ်ရဲတပ်အဖွဲ့က စွဲတယ်ဆိုတာကိုတော့ မသိရသေးဘူး။ ရဲအဖွဲ့က စွဲတယ်လို့ပြောတယ်။ ရဲအဖွဲ့မှာ အမျိုးမျိုး ရှိတယ်လို့ ပြောတယ်။ မတရားအသင်း ဆက်သွယ်မှု ပုဒ်မနဲ့ စွဲတယ် လို့သိရပါတယ်” ဟု ၎င်းက ဆိုသည်။

၎င်းတို့ကို လာမည့် ဧပြီလ ၂၉ ရက်နေ့တွင် ရုံးချိန်းလိုက်ပြီး ယင်းနေ့တွင် အာမခံရ၊မရ သိရမည်ဟု ၎င်းကဆက် လက်ဆိုသည်။

ကိုသိန်းအောင်မြတ်အပါအဝင် လူ(၄) ဦးကို ဧပြီ ၆ ရက်နေ့က ဟိုင်းကြီးကျွန်း စံပြကျေးရွာတစ်ရွာတွင် ရက္ခိတ ပြက္ခဒိန်ရောင်းချနေစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ရက္ခိတ ပြက္ခဒိန်ကို ပြီးခဲ့သည့်နှစ်များကလည်း ရခိုင်ပြည်နယ်အနှံ့တွင် ထုတ်ဝေဖြန့်ချိခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းတွင် ရက္ခိုင့်တပ်တော် (AA) နှင့်ပတ်သက်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) ဖြင့် ဖမ်းဆီးခံရသူများလည်း အများအပြားရှိနေသည်။