- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်မှ သံပခြုပ်ကောင်များကို ပြည်မဘက်က ဈေးကောင်းပေး၍ ဝယ်ယူနေ
သံပခြုပ်ကောင်များကို အရွယ်အစားအလိုက် တစ်ကောင်လျှင် မြန်မာငွေကျပ် သုံးထောင်၊ ငါးထောင်၊ တစ်သောင်း စသဖြင့် အမျိုးမျိုးရောင်းချလျက်ရှိကြောင်း သိရသည်။
10 Mar 2023
DMG ၊ မတ် ၁၀
ရခိုင်ပြည်အတွင်းမှထွက်ရှိသော သံပခြုပ်ကောင်များကို ပြည်မဘက်က ဈေးကောင်းပေး၍ ဝယ်ယူနေကြောင်း သံပခြုပ်ရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှ စုံစမ်းသိရှိရသည်။
သံပခြုပ်ကောင်များသည် ရခိုင်ပြည်အတွင်းက မာန်အောင်၊ မြေပုံနှင့် ဂွမြို့နယ်များမှ ထွက်ရှိပြီး လက်ရှိတွင် မြေပုံဘက်မှ သံပခြုပ်ကောင်များသည် အကောင်ကြီးမျိုး ဖြစ်သောကြောင့် ဈေးကောင်းပေး၍ ဝယ်ယူနေကြောင်း ငွေဆောင်ကမ်းခြေတွင် သံပခြုပ်ဝယ်ယူရောင်းချနေသည့် ကိုလမင်းခန့်က DMG သို့ ပြောသည်။
“လက်ရှိအချိန်မှာတော့ ကျနော်တို့ မြေပုံဘက်ကသံပခြုပ်တွေ မှာယူရောင်းချနေတာ ဖြစ်တယ်။ အရင်ကတော့ ဂွနဲ့ မာန်အောင်ဘက်က မှာရောင်းတယ်။ အခုနောက်ပိုင်းမှာကျတော့ အဲဘက်တွေက သံပခြုပ်အထွက်နည်းလာတယ်။ အရင်က ကားနှစ်စီးလောက်ပို့နိုင်ရင် အခု ကားတစ်စီးလောက်ပဲ လာပို့တော့ အခုမြေပုံဘက်က မှာရောင်းပါတယ်။ အခုချိန်မှာ ဆီဈေးတွေကလည်းတက်တော့ လမ်းခရီးစရိတ်မြင့်ပေမယ့်လည်း မြေပုံက သံပခြုပ်အကောင်ကြီးတွေရတော့ ဈေးကောင်းပေးဝယ်ရတာပေါ့” ဟု ကိုလမင်းခန့်က ပြောသည်။
သံပခြုပ်ကောင်များအား နေရာတိုင်းတွင် အလွယ်တကူဝယ်ယူ၍ မရရှိနိုင်ပေ။ ငွေဆောင်ကမ်းခြေ၊ ချောင်းသာကမ်းခြေနှင့် ဂေါ်ရင်ဂျီကျွန်းများတွင်သာ သံပခြုပ်ကောင်များကို ၀ယ်ယူရရှိနိုင်ပြီး ဝယ်ယူရောင်းချသူဦးရေ ၁၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။ သံပခြုပ်ကောင်များကို အရွယ်အစားအလိုက် တစ်ကောင်လျှင် မြန်မာငွေကျပ် သုံးထောင်၊ ငါးထောင်၊ တစ်သောင်း စသဖြင့် အမျိုးမျိုးရောင်းချလျက်ရှိကြောင်း သိရသည်။
အပန်းဖြေလာရောက်သူ များပြားလေ့ရှိသည့် သင်္ကြန်၊ သီတင်းကျွတ်၊ တန်ဆောင်တိုင် ကာလများတွင် ငွေဆောင်၊ ချောင်းသာ စသည့်ကမ်းခြေများ၌ သံပခြုပ်ကောင်ရောင်းချသူများသည် တစ်နေ့လျှင်အလုံးရေ ၁၀၀ ၀န်းကျင်အထိ ရောင်းချရလေ့ရှိကြောင်း စုံစမ်းသိရှိရသည်။
သံပခြုပ်ကောင်များကို အများအားဖြင့် ပျားရည်ဖြင့်ရောကာ အစိမ်းစားကြသောကြောင့် အခန့်မသင့်ပါက ဝမ်းပျက်ဝမ်းလျော ရောဂါများဖြစ်ပွားနိုင်၍ သတိထားစားသုံးရန် လိုအပ်ကြောင်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ပြောဆိုထားကြသည်။
“သံပခြုပ်ရယ်လို့ မဟုတ်ဘူး။ ပင်လယ်စာတွေ၊ အသားတွေကို အစိမ်းစားရင်တော့ ဝမ်းပျက်ဝမ်းလျောတာတွေ၊ အစာအိမ်အောင့်တာတို့ ဖြစ်တတ်ပါတယ်။ ပြီးတော့ သံပခြုပ်တို့လို ပင်လယ်နေသတ္တဝါတွေက ပင်လယ်ရေထဲက ဘက်တီးရီးယားတွေကို စားသုံးပြီး ရှင်သန်ကြတာဖြစ်တဲ့အတွက် ချက်ပြုတ်စားရင်တော့ အန္တရာယ်အကင်းဆုံးပါ” ဟု ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ဘက်တွင် သံပခြုပ်ရှာသည့် လုပ်သားရှားပါးလာမှုနှင့်အတူ အထွက်နှုန်း နည်းလာနေသည့်အတွက် သံပခြုပ်ကောင် အရောင်းအဝယ်လုပ်ငန်း ရပ်နားလိုက်ရမှုများရှိကြောင်း သိရသည်။
“ကျနော်တို့ မာန်အောင်ဘက်မှာက သံပခြုပ်ထွက်တော့ထွက်တယ်။ ဒါပေမယ့် အထွက်နည်းတယ်လို့ ပြောလို့ရတယ်။ ပြီးတော့ လုပ်သားရှားတာပေါ့။ သံပခြုပ်ကောင်ကို ကျောက်ဆောင်တွေပေါ်က ခွာယူရတာမျိုးရှိသလို ရေငုပ်ပြီး ကောက်ရတာမျိုးလည်း ရှိပါတယ်။ လုပ်သားမနိုင်ရင် သံပခြုပ်ကောက်ယူနိုင်စွမ်းလည်း နည်းလာတာပေါ့။ ဒါကြောင့် ကျနော်တို့ သံပခြုပ်တင်ပို့ရောင်းချတာကို ရပ်လိုက်တာပါ” ဟု သံပခြုပ်ရောင်းချခဲ့ဖူးသူ မာန်အောင်ဒေသခံတစ်ဦးက ပြောသည်။
သံပခြုပ်ကောင်များတွင် အသား၊ ငါးများကဲ့သို့ ပရိုတင်းဓာတ်ကြွယ်ဝခြင်း၊ အုတ်ဂျုံနှင့် ဂျုံကြမ်းများကဲ့သို့ အမျှင်ဓာတ်များ ပါဝင်ခြင်း၊ ဗီတာမင် အေ နှင့် စီ တို့ပါ၀င်ပြီး သံပခြုပ်ကောင်များကို စားခြင်းအားဖြင့် ခန္ဓာကိုယ်လှုပ်ရှားမှုကြောင့် ကုန်ခမ်းသွားသည့် ကယ်လိုရီများကို ပြန်လည်အားပြည့်စေနိုင်ကြောင်း ဆေးပညာအသိုင်းအဝိုင်းမှ သိရသည်။
သံပခြုပ်ကောင်များတွင် အမျိုးအစားအားဖြင့် အမျိုးပေါင်း ၉၀၀ နီးပါးရှိပြီး သံပခြုပ်အမများသည် တစ်ကြိမ်မျိုးပွားပါက ဥပေါင်းရာနှင့်ချီ ဥလေ့ရှိကြောင်း သိရှိရသည်။
#I005